သီဟကိုကို
တရားမ၀င်ကျောက်စိမ်းနှင့် သစ်မှောင်ခိုထုတ်ယူမှုများသည် တရားဝင်ထုတ်ယူမှု များထက်များစွာ ကျော်လွန်နေသည်ဟု မြန်မာဖွံ့ဖြိုးတိုးတက်ရေးအရင်းအမြစ် အဖွဲ့အစည်း MDRI နှင့် အာရှဖောင်းဒေးရှင်း (The Asia Foundation) တို့၏ သုတေသနအစီရင်ခံစာတစ်ရပ်တွင် ဖော်ပြထားသည်။
တူးဖော်ထုတ်ယူမှုနှင့် ရင်းနှီးမြှုပ်နှံမှု သဘောအရ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍသည် ပုံမှန်တရားဝင် လမ်းကြောင်းမှဖြစ်လေ့ရှိသော်လည်း ကျောက်စိမ်းနှင့်သစ်ထုတ်ယူမှုများသည် တရားဝင်ထက်ပင် တရား မ၀င်ထုတ်ယူမှုအရေအတွက်ကများ ပြားနေသည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
သတ္တုတွင်းကဏ္ဍတွင် တရားမ၀င်တူး ဖော် ထုတ်ယူမှုများသည် တရားဝင်လမ်းကြောင်းထက် သာလွန် များပြားနေပြီး အထူးသဖြင့် ကျောက်စိမ်းဈေးကွက် တန်ဖိုးသည် ထုတ်ပြန်သည့်ကိန်းဂဏန်းများထက် များစွာပိုမိုကြီးမားနေသည်။
မြန်မာနိုင်ငံ၏ သဘာဝသယံဇာတ အရင်းအမြစ်များနှင့် ဒေသဆိုင်ရာအစိုးရများ သုတေသနအစီရင်ခံစာ တွင် တွေ့ဆုံမေးမြန်းခဲ့သည့် အစိုးရအရာရှိများ၊ အရပ် ဘက်အဖွဲ့အစည်းများ၊ သတ္တုတွင်းလုပ်ငန်းရှင်များ၊ အသင်းများအများစုက အသေးစားအဆင့်တရားမ၀င် သတ္တုတူးဖော်မှုများ ကျယ်ပြန့်စွာဖြစ်ပေါ်နေသည်ဟု တညီတညွတ်တည်း ပြောဆိုခဲ့ကြသည်။
လက်ပံတောင်းကြေးနီတောင် စီမံကိန်း၊ မိုးကုတ်ရတနာမြေ၊ ဖားကန့်ကျောက် စိမ်းတွင်းများသည် လူသိ များသော်လည်း မြန်မာနိုင်ငံအနှံအပြားတွင် အသေးစားသတ္တုတူးဖော်မှုများစွာတည်ရှိနေသည်။
ယင်းအပြင် တရားမ၀င်နည်းလမ်းများ ဖြစ်သည့် သစ်ခိုးထုတ်ရာတွင် ဖြတ်သန်းခများပေးရခြင်း၊ တရားဝင် ရထားသည့် Export လိုင်စင်ကို တရားမ၀င်သတ္တုလုပ်ငန်းများသို့ ငှားရမ်းခြင်း၊ ဒေသန္တရအုပ်ချုပ်သူများကို လာဘ်ပေးခြင်း၊ ဓာတ်သတ္တုစမ်းသပ်ရှာဖွေမှုလိုင်စင်ဖြင့် ဓာတ်သတ္တုထုတ်လုပ်နေခြင်းတို့သည် အနှံ့အပြား ဖြစ်ပေါ်နေသည် ဟုဆက်လက်ဖော်ပြထားသည်။
သယံဇာတအရင်းအမြစ်စီမံအုပ်ချုပ် မှုအဖွဲ့အစည်းက ၂၀၁၃ ခုနှစ်တွင် သတ္တု တွင်းကဏ္ဍအပါအ၀င် ရေ နံနှင့် သဘာဝ ဓာတ်ငွေ့ကဏ္ဍများဆိုင်ရာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ခံမှုကို တိုင်းတာသည့် ညွှန်းကိန်း၌ ဆန်းစစ်ခဲ့သည့် ၅၈ နိုင်ငံအနက် မြန်မာနိုင်ငံကို အောက်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခဲ့သည်။
No comments:
Post a Comment