Saturday, June 21, 2014

သွင်းကုန်ပမာဏများပြားနေခြင်းကြောင့် ငွေလဲနှုန်း လေးရက်အတွင်း ၁၀ ကျပ်ခန့် မြင့်တက်

စည်သူအောင်

သွင်းကုန်ပမာဏများပြားနေသောကြောင့် နိုင်ငံခြားငွေလဲနှုန်းသည် လေးရက်အတွင်း ၁၀ ကျပ်ခန့် မြင့်တက်လာကြောင်း တရားဝင်ငွေလဲကောင်တာများနှင့် ပြင်ပ ငွေဈေးကွက်အတွင်း ရောင်းဝယ်နေသူများက ပြောကြားသည်။

ဇွန်လ ၁၇ ရက် မွန်းလွဲပိုင်းက ပြင်ပဈေးကွက်အတွင်း ကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၇၄ ကျပ်၊ ရောင်း ဈေး ၉၇၆ ကျပ်ဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်းသည် ဇွန်လ ၁၈ရက် မွန်းလွဲ ၁နာရီခန့်တွင် ၀ယ်ဈေး ၉၇၇ ကျပ်၊ ရောင်းဈေး ၉၈၀ အထိဖြစ်ပေါ်လာခဲ့ပြီး ရက်ပိုင်းအတွင်း ငါးကျပ်ခန့် ဈေးမြင့်လာခဲ့သည်။

ဇွန်လ ၁၄ရက်က ပြင်ပဈေးကွက် အတွင်း ကန်တစ်ဒေါ်လာလျှင် ၀ယ်ဈေး ၉၆၉ ဒသမ ၅ ကျပ်၊ ရောင်းဈေး ၉၇၁ကျပ် ဈေးပေါက်ခဲ့ပြီး သိမ်ဖြူဈေးကွက်တွင် ၀ယ်ဈေး ၉၆၅ ကျပ်၊ ရောင်းဈေး ၉၇၂ ကျပ် သာရှိခဲ့ရာမှ လေးရက်အတွင်း ၁၀ ကျပ်ခန့်ဈေးမြင့်တက်လာခြင်းဖြစ်သည်။

“ ၁၇ ရက်ကနဲ့ယှဉ်ရင် ထပ်တက်လာ တာပေါ့။ သွင်းကုန်ဘက်က အဆွဲများလို့ ငွေဈေးတက်တာပါ။ ဒီရက် ပိုင်းကတော့ အချိန်နဲ့အမျှဈေးပြောင်းလဲမှုရှိပါတယ် ” ရန်ကုန်မြို့ ဗိုလ်အောင်ကျော်လမ်း အခြေစိုက် နိုင်ငံ ခြားငွေကြေးရောင်းဝယ်သူတစ်ဦးက ပြောသည်။

လက်ရှိမြန်မာကုန်သွယ်မှုပမာဏတွင် ပို့ကုန်ထက် သွင်းကုန်ပမာဏ ပိုမိုများပြား လျက်ရှိပြီး ဇွန်လ ၁၃ ရက်စာရင်းများအရ စုစုပေါင်းကုန်သွယ်မှုပမာဏ ကန်ဒေါ်လာ ၄,၇၇၉ ဒသမ ၀၆၅ သန်းရှိရာ ပို့ကုန် တင် ပို့မှု ကန်ဒေါ်လာ ၁,၈၄၆ ဒသမ ၉၄၉ သာရှိခဲ့ပြီး သွင်းကုန်ပမာဏ ကန်ဒေါ် လာ ၂,၉၃၂ ဒသမ ၁၁၆ သန်းရှိသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ ဒီအချိန်က ပို့ကုန်နည်းပြီး သွင်းကုန် တွေများနေတယ်။ ကုန်သွယ်မှုလိုငွေများ နေတယ်ဆိုပေမယ့် ဒါက စားပစ်တာချည်းမှ မဟုတ်တာ။ ရင်းနှီံးမြှုပ်နှံမှုတွေ၊ စီးပွားရေး လုပ်ငန်းတွေဘက်ကို ၀င်တာများနေတာ ဆိုတော့ စိုးရိမ်စရာမရှိဘူး ” ဟု စီးပွားရေး ပညာရှင်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်ခဲ့သော အမြင့် ဆုံးငွေလဲနှုန်းမှာ ၂၀၀၇ခုနှစ် ဇူလိုင်လ ၁ရက်တွင် ဖြစ်ပြီး ကန်တစ် ဒေါ်လာလျှင် ၁၃၆၅ကျပ်ထိဈေးပေါက်ခဲ့သည်။ အနိမ့်ဆုံးငွေလဲနှုန်းသည် ၂၀၁၁ ခုနှစ် သြဂုတ်လ ၁၈ ရက် တွင် ဖြစ်ပေါ်ခဲ့ပြီး ၇၂၅ ကျပ်သာ ဈေးပေါက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသည် ကန်တစ်ဒေါ်လာ လျှင် ခြောက်ကျပ်ခန့်သာ သတ်မှတ်ထားသော နှုန်းသေငွေလဲနှုန်း စနစ်ကို ယခင်စစ်အစိုးရလက်ထက်တစ်လျှောက်လုံး အသုံးပြုခဲ့ပြီး လက်ရှိအစိုးရလက်ထက် ၂၀၁၂ခုနှစ် ဧပြီလ ၂ရက်တွင် ထိန်းကျောင်းမှုရှိသော နှုန်းရှင်ငွေလဲနှုန်းစနစ်ကို ပြောင်းလဲခဲ့ကာ အဆိုပါရက်တွင် ကန်တစ်ဒေါ်လာလျှင် ၈၁၅ ကျပ်ဈေးပေါက်ခဲ့သည်။

No comments:

Post a Comment