ကိုထွေး
သတင်းထောက်တွေကို ထောင်ဒဏ်ချမှတ်တာ စာနယ်ဇင်း လွတ်လပ်ခွင့်အတွက် ဆန္ဒဖော်ထုတ်တဲ့ သတင်းထောက်တွေကို တရားစွဲဆိုဖို့ လုပ်ဆောင်နေတာတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ သတင်းရယူခွင့်အတွက် ခြိမ်းခြောက်မှု ဖြစ်တယ်လို့ စာနယ်ဇင်းကောင်စီ (ယာယီ) က ပြောပါတယ်။
ဒီမိုကရေစီစနစ်ကို သွားနေတဲ့ အရပ်သားအစိုးရ လက်ထက်မှာ ၂၀၁၄ ခုနှစ်ဟာ သတင်းထောက်တွေ တရားစွဲဆို ခြိမ်းခြောက်ခံရပြီး ဥပဒေအရ ဖိအားပေးမှုကို ခံနေရတဲ့ အတွက် ၂၀၁၅ ရွေးကောက် ပွဲမှာ သတင်းရယူဖို့ အတွက် သွယ်ဝိုက် ခြိမ်းခြောက်ခံနေရတယ်လို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ (ယာယီ) က ဦးဇော်သက်ထွေးက ပြောပါတယ်။
ဒီနှစ်အတွင်း ဒီဗွီဘီ သတင်းထောက် ဦးဇော်ဖေကို ထောင်ဒဏ် ၁ နှစ်ချမှတ်တာ၊ သတင်း မီဒီယာတွေက တာဝန်ရှိသူတွေကို အထူးသတင်းရဲတပ်ဖွဲ့က ခေါ်ယူတွေ့ဆုံတာ၊ ယူနတီ သတင်းထောက်တွေကို ထောင်ဒဏ် ၁၀ နှစ်စီချမှတ်တာ၊ မွန်းတည့်နေဂျာနယ်က အယ်ဒီတာနဲ့ သတင်းထောက်တွေကို ခေါ်ယူ စစ်ဆေးတာတွေ ဖြစ်ပွားခဲ့ပြီး ဒါတွေဟာ ၂၀၁၅ ရွေးကောက်ပွဲ သတင်းရယူဖို့ အတွက် သွယ်ဝိုက် ခြိမ်းခြောက်ခံနေရတယ်လို့ သူက ပြောပါတယ်။
ဒီကိစ္စတွေကို ဆွေးနွေးဖို့ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ မြန်မာနိုင်ငံ စာနယ်ဇင်း ကောင်စီ(ယာယီ)က တောင်းဆိုထားခဲ့ပါတယ်။ သမ္မတက စာနယ်ဇင်းကောင်စီကို တွေ့ခွင့်မပေးရင် ကောင်စီဝင်တချို့က နုတ်ထွက်ဖို့ ရှိနေတယ်လို့လည်း ဆိုပါတယ်။
ဒီအတိုင်းဆက်သွားမယ်ဆိုရင်တော့ လွတ်လပ်စွာ မဲပေးခွင့်နဲ့ တရားမျှတစွာ ကျင်းပပေးမယ့် ရွေးကောက်ပွဲအတွက် အတားအဆီးတခုဖြစ်လာနိုင်တယ်လို့ ၀ါရင့် သတင်းစာဆရာကြီး ဦးသောကြာက ပြောပါတယ်။
ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေကို မီဒီယာတွေလည်း အပြည့်အ၀ မခံစားရဘူးလို့ သူက ပြောပါတယ်။

No comments:
Post a Comment