Saturday, July 12, 2014

ပုဏ္ဏားကျွန်းနှင့် ကျောက်ဖြူမြို့များတွင် စီမံကိန်းများကြောင့် မြေတစ်ဧက သိန်း ၃ဝဝ ထိပေါက်

ကေဇူး

ရခိုင်ပြည်နယ် ကျောက်ဖြူနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် စီးပွားရေးဇုန် နှင့် စက်မှုဇုန် စီမံကိန်းများကြောင့် မြေဈေးများ မြင့်တက်လျှက်ရှိပြီး မြေတစ်ဧက သိန်း၃ဝဝအထိ ပေါက်ဈေးရှိနေသည်ဟု ဒေသခံများက ဇူလိုင် ၁၂ရက်တွင် မဇ္ဈိမကိုပြောသည်။

ကျောက်ဖြူမြို့နယ် အထူးစီးပွားရေးဇုံဧရိယာကိုပြောင်းရွှေ့လိုက်ပြီး လက်ရှိသတ်မှတ်ထားသော ဧရိယာအတွင်း တွင် မြေဈေးများမှာ ယခင်ထက် လေးဆခန့်မြင့်တက် သွားသည်ဟု ဒေသခံများကဆိုသည်။

ပုဏ္ဏားကျွန်းမြို့နယ်တွင် စက်မှုဇုံစီမံကိန်းကြောင့် မြေဈေးနှုန်းမှာ တစ်ဧကလျှင်သိန်း သုံးရာအထိ မြင့်တက်လာသလို ဝယ်လိုအားလည်းမြင့်တက်လာသည်ဟု ဆိုသည်။

“ဒီနားက ရွာတွေမှာ ပိုက်ဆံရှိတဲ့မြို့ပေါ်ကလူတွေက ဈေးကောင်းပေးပြီး ဝယ်လာကြတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ဒေသခံဦးစံကျော်မြင့်ကပြောသည်။

သို့သော် ကျောက်ဖြူ အထူးစီးပွားရေးဇုံပတ်ဝန်းကျင်တွင် အများစု ရောင်းဝယ်နိုင်ခြင်းမရှိသေးဟု ဆိုသည်

“စီးပွားရေးဇုံက ဒီဘက်ကိုပြောင်းလိုက်တော့ ဒီဘက်မြေဈေးတွေတက်သွားတယ်၊ ဒါပေမယ့် ဝယ်သူတော့နည်းသေးတယ်။ သိပ်စိတ်မချတော့ မဝယ်ရဲသေးဘူး”ဟု ကျောက်ဖြူ ဒေသခံ ဦးခင်ဇော်ကပြောသည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုံ မူလလျာထားသတ်မှတ်ထားသည် စည်မော်နှင့် စစ်တောကျေးရွာတို့တွင် လယ်ယာမြေနှင့် အိမ်ခြံမြေများကို ဈေးကောင်းပေး၍ ဝယ်ယူထားကြသူ တစ်ချို့သည် စီးပွားရေးဇုံနေရာ ပြောင်းရွေ့မှုကြောင့် အရှုံးပေါ်ခဲ့သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုံကို ၂ဝ၁၂ ခုနှစ်က စတင်အကောင်အထည်ဖော်ရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စိတ်ဝင်စားလွှာ ဖိတ်ကြားသည့်အဆင့်ကိုရောက်ရှိပြီးသည်။

ပုဏ္ဏားကျွန်းစက်မှုဇုံသည် လျာထားသည့် အဆင့်သာရှိသေးပြီး ၂ဝ၁၅ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဖြစ်သည်။

No comments: