Saturday, July 19, 2014

ဗိုလ်ချုပ်မျှော်လင့်သော တပ်မတော် ဖြစ်ဖို့ အာဇာနည်နေ့တွင် တောင်းဆို

ကေဇူး

ဗိုလ်ချုပ်အောင်ဆန်းမျှော်လင့်သော တပ်မတော်ဖြစ်ရန် အာဇာနည်နေ့တွင် ဦးညွှတ်အလေးပြုသော တိုင်းရင်းသားပြည်သူလူထုက တောင်းဆိုလိုက်သည်။

ရန်ကုန်မြို့မြေနီကုန်းမီးပွိုင့် အနီးရှိ မြေနီကုန်းပန်းခြံတွင် ပြုလုပ်သော အာဇာနည်နေ့ အခမ်းအနားတွင် ပြည်ထောင်စု တိုင်းရင်းသားများ ပါဝင်တက်ရောက်ပြီး တက်ရောက်လာသော တိုင်းရင်းသားများနှင့် ရဟန်းသံဃာတို့က ထိုသို့တောင်းဆိုလိုက်ခြင်းဖြစ်သည်။

“ဗိုလ်ချုပ်သေသွားပေမယ့် ဒို့ရင်ထဲမှာမသေဘူး၊ ဗိုလ်ချုပ်နဲ့အတူ တပ်မတော်ကိုလည်း ချစ်ခဲ့တယ်၊ ဒါပေမယ့် အခု ဗိုလ်ချုပ်ကိုပဲ ချစ်ခင်လေးစားပြီး တပ်မတော်ကို မချစ်ခင် မလေးစားတော့တာ ဘာကြောင့်လဲ ဗိုလ်ချုပ်မျှော်လင့်တဲ့ တပ်မတော်မဖြစ်ခဲ့လို့ ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ချင်ရင် ပြည်သူမလိုလားတဲ့ အခြေခံ ဥပဒေကို ပြင်ဆင်ပေးပါ၊ ပြည်သူ့အတွက် ရပ်တည်တဲ့ တပ်မတော်အဖြစ် သက်သေပြပါ” ဟု ယင်းအခန်းအနားသို့ တက်ရောက်ခဲ့သော ရွှေညဝါဆရာတော် ဦးပညာသီဟက မိန့်ကြားခဲ့သည်။

ထို့ပြင် ယင်းအခန်းအနားတွင် တိုင်းရင်းသားပေါင်းစုံနှင့် ကျောင်းသားလူငယ်များ၊ လူမှုရေးအဖွဲ့အစည်းများ ကတက်ရောက်ခဲ့ပြီး တိုင်းရင်းသားဘာသာစကားများဖြင့်လည်း အမှတ်တရ စကားများပြောကြားခဲ့သေးသည်။

ချင်းလူငယ်တစ်ဦးဖြစ်သော ဆလိုင်းဒေးဗစ် “အာဇာနည်နေ့ကို တိုင်းရင်းသားအားလုံး ပါဝင်ဂုဏ်ပြုနိုင်သလို ဒီနေ့တိုင်းရင်းသားအားလုံး ချစ်ခင်တဲ့ တပ်မတော်ဖြစ်ဖို့ လိုပါတယ်"ဟုပြောကြားခဲ့သည်။

မြေနီကုန်းပန်းခြံမှ တိုင်းရင်းသားအသီးသီး အဖွဲ့အစည်းအသီးသီး အမှတ်တရ စကားများပြောကြားပြီး ၁ဝနာရီ ၃၇ မိနစ်တွင် ငြိမ်သက်အလေးပြုခဲ့ပြီးနောက် အာဇာနည်ဗိမာန်သို့ ဆက်လက်လမ်းလျှောက်ခဲ့ကြသည်။

ရခိုင်လူငယ်အဖွဲ့မှ ကိုဇင်မင်းအောင်က “လွတ်လပ်ရေးရတာ ၆၇ နှစ်ရှိပေမယ့် ဖိနှိပ်တဲ့ဥပဒေတွေအောက်မှာ ကျွန်တော်တို့နေရဆဲပါ ကျွန်တော်တို့ လွတ်လပ်ခွင့်အတွက် ဗိုလ်ချုပ်ဦးဆောင်တဲ့ တပ်မတော်က ကျိုးပမ်းပေးခဲ့ပေမယ့် ဒီနေ့မှာတော့ တပ်မတော်ဆီက ကျွန်တော်တို့ လွတ်လပ်ခွင့်ကို ပြန်တိုက်ယူရမယ့် အခြေအနေဖြစ်နေပါတယ်”ဟု ပြောကြားခဲ့သည်။

အာဇာနည်နေ့ အခမ်းအနားကို ယခင်က ဥသြမဆွဲရ ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း မြို့နယ် ၄၄ မြို့နယ်တွင် အာဇာနည်နေ့ အခမ်းအနားများ စုဝေးပြုလုပ်ခြင်း ကားဟွန်းများတီး၍ ဥသြဆွဲခြင်းများပြုလုပ်နိုင်ခဲ့သည်။

အာဇာနည်နေ့အခမ်းအနားသို့ ဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းနှင့်အတူ အစိုးရအဖွဲ့ဝင်များတက်ရောက် ဂါရဝပြုခဲ့သည်။

No comments: