ယုဝေ
ထောင်ဒဏ်ဆယ်နှစ် ကျခံခဲ့ရသည့် ယူနတီဂျာနယ်မှ သတင်းထောက်များ အယူခံဝင်ရန် စီစဉ်နေရာ မိသားစုဝင်များကို လာရောက်တားမြစ်သူများ ရှိနေသည်ဟု ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် သတင်းထောက်များထဲက တစ်ဦးဖြစ်သည် ကိုလူမော်နိုင်၏ ဇနီးဖြစ်သူ မလွင်လွင်မြင့်က မဇ္ဈိမကိုပြောသည်။
ယူနတီဂျာနယ်မှ သတင်းထောက်လေးဦးကို ဇူလိုင်လ ၁ဝ ရက်တွင် ပခုက္ကူမြို့နယ် တရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝနှစ် ချမှတ်ခဲ့သည့်အတွက် ရက်ပိုင်းအတွင်း အယူခံဝင်သွားနိုင်ရန် အဆိုပါ အမှုကို အမှုလိုက်ပေးနေသည့် ရှေ့နေ ဦးရောဘက်စန်းအောင်က ပြင်ဆင်နေခြင်းဖြစ်သည်။
“စည်သူစိုးအမေက ကျွန်မကို ဖုန်းဆက်တယ်။ သူ့ဆီကို ကိုအောင်စိုး ဆိုတဲ့သူ တစ်ယောက် လာတယ်။ ဒီလိုမျိုး အယူခံဝင်လို့ရှိရင် ဆယ်နှစ်ကနေ အနှစ်နှစ်ဆယ် ဖြစ်သွားနိုင်တယ်လို့ ပြောတယ်တဲ့။ သူတို့လုပ်ပေးမယ်လို့ ပြောတယ်တဲ့”ဟု မလွင်လွင်မြင့်က မဇ္ဈိမကိုပြောသည်။
ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် သတင်းထောက်များမှာ ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနှင့် ကိုရာဇာဦး တို့ဖြစ်သည်။ ၎င်းတို့နှင့်အတူ ယူနတီသတင်းဂျာနယ်၏ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းလည်း အလားတူ ပြစ်ဒဏ် ချမှတ်ခံရသည်။
ယင်းကဲ့သို့ အယူခံဝင်ရန်တားမြစ်သည့် ဖြစ်ရပ်နှင့်ပတ်သက်၍ စိုးရိမ်ထိတ်လန့်မှုမရှိရန်နှင့် အယူခံမဝင်ရန် လာရောက်ပြောဆိုသူကို ယုံကြည်မှုမရှိရန် ကိုစည်သူစိုး၏ မိခင်အား ဖြောင်းဖျပြောဆိုထားသည်ဟု မလွင်လွင်မြင့်က ပြောသည်။
ကိုစည်သူစိုး၏ မိသားစုဝင်များကို မဇ္ဈိမက မေးမြန်းသော်လည်း ဖြေဆိုရန် ငြင်းဆိုခဲ့သည်။
အဆိုပါ အမှုကို အခမဲ့ လိုက်လံကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေဦးရောဘက်စန်းအောင်က “ အယူခံမဝင်နဲ့လို့ ပြောတယ်ဆိုတာက သက်သက်မဲ့ ခြိမ်းခြောက်တာပါ။ အယူခံဝင်လို့ ထောင်ပိုကျ တယ်ဆိုတာ မြန်မာနိုင်ငံ ရာဇဝင်မှာမရှိပါဘူး။ ကိုလူမော်နိုင် အမျိုးသမီးကတော့ အဲ့ဒီကိစ္စ ကျွန်တော့်ကို ဖုန်းဆက်ပြောထားပါတယ်။ ကျွန်တော်တို့ကတော့ လုပ်စရာရှိတာကို ဆက်လုပ်သွားမှာပါ။”ဟု မဇ္ဈိမကို ပြောသည်။
ယူနတီဂျာနယ် အတွဲ(၃) အမှတ်(၄)တွင် ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ရက်က ဖော်ပြခဲ့သည့် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတုစက်ရုံဟု သတင်းရေးသားခဲ့၍ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို နိုင်ငံတော် လျို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့် တရားစွဲဆို ထောင်ဒဏ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။
ဇူလိုင်လ ၁၁ ရက်က ယူနတီသတင်းထောက်များ ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံရမှုနှင့် ပတ်သက်၍ ပြစ်ဒဏ်မှ လွတ်မြောက်စေရန် ရည်ရွယ်၍ သတင်းမီဒီယာ သမား ၅ဝ ဦးခန့်က ဇူလိုင်လ ၁၁ ရက် မနက် ၉ နာရီခန့်က ဗဟန်းမြို့နယ်၊ ရွှေတိဂုံဘုရား အရှေ့ဘက်မုခ်ရှိ ကြေးသွန်းဘုရားကြီးတွင် ဆုတောင်း ဝတ်ပြုမှုများ ပြုလုပ်ခဲ့သည်။ ဇူလိုင် ၁၂ရက်ကလည်း မြန်မာငြိမ်းချမ်းရေး စင်တာရှေ့တွင် ယင်းကိစ္စနှင့် စပ်လျဉ်း၍ သမ္မတဦးသိန်းစိန်ကို မီဒီယာသမား ၁ဝဝခန့်က ဆန္ဒထုတ်ဖော်လိုက်သည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း သတင်းထောက်များကို ထောင်ဒဏ် ၁ဝနှစ် အမိန့်ချလိုက်ခြင်းသည် များလွန်းကြောင်း မှတ်ချက်ပြုလိုက်သည်။
No comments:
Post a Comment