Saturday, July 5, 2014

ကလေးလုပ်သားဝင်ငွေကို မိသားစုထံပေးပြီး ကလေးလုပ်သားကို ကျောင်းနေစေတော့မည်

ဇာနည်အောင်

အခမဲ့ပညာရေးစနစ် ထိထိရောက်ရောက် အကောင်အထည်ပေါ်လာစေရန် ပညာမသင်ကြားနိုင်ဘဲ အလုပ်ခွင်ဝင်နေရသည့် ကလေး၏ ၀င်ငွေကို မိသားစုအား ထောက်ပံ့ပေးပြီး ကျောင်းနေနိုင်ရေး စတင်အကောင်အထည်ဖော်သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးအဖွဲ့(CESR) အမျိုးသားအဆင့် ပညာရေး ကျွမ်းကျင်ပညာရှင် ဦးတင်လှိုင်က မဇ္ဈိမကို ပြောသည်။

အဆိုပါအစီအစဉ်ကို၂၀၁၅-၁၆ ပညာသင်နှစ်မှ ပညာရေးဘတ်ဂျက်တွင် ထည့်သွင်းတောင်းခံပြီး အကောင်အထည် ဖော်သွားမည်ဖြစ်သည်။

“အခမဲ့ပညာရေး ပုံဖော်နေပေမယ့် ထိရောက်မှုအပိုင်းက အများကြီး လိုနေသေးတယ်။ အပြည့်အ၀ ပုံဖော်နိုင်ဖို့ဆိုရင် သူတို့ရဲ့ မိသားစုတွေကို ထောက်ပံ့မှုလုပ်ကို လုပ်ရမယ်။ လုပ်နိုင်အောင် အခြေခံအချက်အလက်တွေ ကောက်ခံသွားမယ်။ ပြီးရင် မြို့နယ်တစ်ခုမှာ စမ်းသပ်ပြီး ဆောင်ရွက်ပေးမယ်”ဟု ဦးတင်လှိုင်က ပြောသည်။

ထိုအစီအစဉ်တွင် မိသားစုဝင်ငွေအတွက် အလုပ်လုပ်နေရသော ကလေးများ၏ ၀င်ငွေထောက်ပံ့ပေးခြင်းအပြင် မိဘများက ကလေးများပညာသင်စေရေးအတွက် ပညာပေးရေးအစီအစဉ်များနှင့် ပညာရေးဝန်ကြီးဌာန အခြေခံပညာ ဆရာ၊ ဆရာမများက ကျောင်းသားများ၏ အိမ်တိုင်ရာရောက် ပညာသင်ကြားနိုင်ရေးနှင့် စည်းရုံးရမည့် အစီအစဉ်များ ပါဝင်သည်။

အဆိုပါကလေးများကိုစာရင်းကောက်ယူမည်ဖြစ်ပြီး ၀င်ငွေစစ်တမ်းပါ တစ်ပါတည်း ကောက်ယူမည်ဖြစ်သည်။ ၀င်ငွေများ နှုန်းထားတစ်ခု ပြန်လည်သတ်မှတ်ကာ အဆိုပါမိသားစုထံ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။ ထိုစစ်တမ်းများကို ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် ယခု ပညာသင်နှစ် ၂၀၁၄-၁၅ မှ စတင် စမ်းသပ် ကောက်ယူသွားမည်ဖြစ်သည်။

ပညာရေးကွန်ရက် ညှိနှိုင်းရေးမှူး ဒေါ်စံဝင့်ခိုင်က “အခမဲ့ပညာရေး ပီပြင်ဖို့ ကျောင်းစရိတ်ကောက်ခံနေတဲ့ ကျောင်းတွေကို အရေးယူတာမျိုးလုပ်ရမယ်။ အခမဲ့ပညာရေးစနစ်လို့ ဟစ်ကြွေးနေပေမယ့် လက်တွေ့ထိရောက်မှု အားနည်းနေသေးပါတယ်”ဟု ပြောသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ဘက်စုံလွှမ်းခြုံနိုင်သော ပညာရေးကဏ္ဍလေ့လာ သုံးသပ်ရေးလုပ်ငန်း(CESR) အတွဲ(၂) အစီရင်ခံစာ (မူကြမ်း)အရကဏ္ဍ ၁၁ ခု ချမှတ် အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်ပြီး ထိုထဲတွင် အခမဲ့ပညာရေးစနစ် အပြည့်အ၀ ပုံဖော်ပေးနိုင်ရေးလည်း ပါဝင်သည်။

အဆိုပါ (CESR) အဖွဲ့ကို ပြည်တွင်းမှ ပညာရေးဆိုင်ရာပညာရှင်များ၊ ပညာရေးဝန်ကြီးဌာနအောက်ရှိ ပညာရေးမှူးများ၊ ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် အရပ်ဘက်ပညာရေးအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ ပါဝင်ဖွဲ့စည်းထားသည်

ပညာရေးအသုံးစရိတ်များ ပိုမိုသုံးစွဲခြင်း၊ မိသားစုစားဝတ်နေရေးကြောင့် အလုပ်လုပ်ကိုင်နေရသည့် ကလေးများ၏ မိသားစုအခြေအနေ၊ ဆရာ၊ ဆရာများ ကလေးများအပေါ် ဂရုစိုက်မှု၊ ကြိုဆိုအားပေးမှု၊ ဆရာများ၏ အရည်အသွေးကို ၀န်ကြီးဌာနက စစ်ဆေးပေးမှုနှင့် အရည်အသွေး မြင့်မားလာစေရန် ထောက်ပံ့ပေးမှုများရှိမှသာ အခမဲ့ပညာရေးစနစ် အပြည့်အ၀ပုံဖော်နိုင်မည်ဟု ဒေါ်စံဝင့်ခိုင်က ဆိုသည်။

အလယ်တန်းပညာ သင်ကြားလိုသော ကလေးအရေအတွက် ထက်ဝက်ခန့်မှာ မိဘ၊ အုပ်ထိန်းသူများ၏ ဆင်းရဲနွမ်းပါးမှုကြောင့် ကျောင်းနေရန် ခက်ခဲနေသည့် စိန်ခေါ်များနှင့် ကြုံတွေ့ပြီး ကျောင်းနေအရွယ်၌ အလုပ်လုပ်နေရ၍ အလယ်တန်းအရွယ် ကလေးနှစ်သန်းကျော်မှာ ကျောင်းနေခွင့် ပျောက်ဆုံးနေဆဲဖြစ်သည်။

No comments:

Post a Comment