မြတ်မင်း
ညမထွက်ရအမိန့် ချိုးးဖောက်သူများကို ပုဒ်မ ၁၈၈ ဖြင့် ဖမ်းဆီးတရားစွဲဆိုထားရာ ဇူလိုင်လ ၄ ရက်မှ ၁၂ ရက်အထိ လူပေါင်း ၇ဝဝ ကျော်ခန့်ကို ထိန်းသိမ်းထားပြီး ၁၃ ဦးကို ပညာပေး၍ ပြန် လွှတ်ပေးခဲ့ကြောင်း မန္တလေးတိုင်း တိုင်းရဲတပ် ဖွဲ့မှုရုံးက တာဝန်ရှိသူက ပြောသည်။
ညမထွက်ရအမိန့် ထုတ်ပြန်ထားသည့် ကာလအတွင်း ဇူလိုင်လ ၄ရက်မှ ၁၂ရက်အထိ အမိန့်အား ချိုးဖောက်သူ ကျား ၇ဝဝကျော်နှင့် မ ၁၈ဦးကို ပုဒ်မ ၁၈၈ဖြင့် တရားစွဲဆိုထားခဲ့ပြီး ၁၃ဦးကို ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းအတွင်းရှိ မြို့နယ် ၇ မြို့နယ်တွင် ပုဒ်မ ၁၈၈ ဖြင့် ဖမ်းဆီအရေးယူခံခဲ့ရသူများတွင် ၁၂ ရက်အထိ စာရင်းများအရ ထောင်ဒဏ် ၇ရက်ကျခံရသူ ၂ဝ၉ ဦး၊ ထောင်ဒဏ် ၁၅ ရက် ၈ဝ ဦး၊ ရဲစခန်း ခံဝန် ၃၇ ဦး၊ တရားရုံးခံဝန် ၁၇၃ ဦး၊ အရေးယူရန် ဆောင်ရွက်ဆဲ ၂၂၅ ဦးရှိသည်ဟု မန္တလေးတိုင်း ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူက ဆိုသည်။
ဇူလိုင်လ ၁ ရက်မှ ၄ ရက်နေ့များတွင်ဖြစ်ပွားခဲ့သည် ပဋိပက္ခဖြစ်စဉ်များအတွင်း လူသတ်မှုဖြင့် မသင်္ကာသူ ၃ ဦး၊ မီးရှို့ဖျက်စီးမှုဖြင့် မသင်္ကာသူ ၁ဝ ဦး၊ နာကျင်စေမှုဖြင့် မသင်္ကာသူ ၆ ဦး၊ ဆူပူလှုံ့ဆော်မှုဖြင့် မသင်္ကာသူ ၁ဝ ဦး၊ ရဲအက်ဥပဒေအရ တရားခံ ၃ ဦး၊ လက်နက်မှုဖြင့် တရာခံ ၂ ဦး၊ စုစုပေါင်း ၃၄ဦးကို ဖမ်းဆီအရေးယူထားပြီး ဥပဒေနှင့်အညီ စစ်ဆေးဖော်ထုတ်လျက် ရှိသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။
အရေးယူဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် တရားခံများကို အမြန်ဆုံး ဖမ်းဆီးရမိရေး စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း တိုင်းမှုခင်းမှတ်တမ်းရုံးကဆိုသည်။
No comments:
Post a Comment