ဆန်းဖြိုးထွန်း
နှမ်း၊ စပါးစိုက်ပျိုးရာ တောင်သူများ ယခုစိုက်ပျိုးရာသီချိန်တွင် လုပ်သားရှားပါးမှုများ ကြုံတွေ့နေရပြီး ငှားရမ်းရသည့် လုပ်သားများကိုပေးရသည့် လုပ်အားခမှာလည်း ယခင်နှစ်ထက်ပိုမို ပေးနေရကြောင်း တောင်သူများပြောဆို လျက်ရှိသည်။
လွိုင်ကော်မြို့ မိုင်းလုံးအနောက်ဘက်မှ လယ်သမားတစ်ဦးက ̏ ကျွန်တော်တို့ ဒီနှစ်ဆို ရေလည်းမလုံလောက်ဘူး စပါးစိုက်ဖို့က အလုပ်သမားတွေ ခေါ်ရင်လည်းနေ့စားခ ၄၀၀၀ တောင်ပေးရတယ်။ စပါးရိတ်တဲ့ချိန်ဆို အလုပ်သမားတွေ အလုအယက် ခေါ်ရတာဒီတစ်နှစ် နှစ်နှစ်အတွင်း ပိုရှားလာတယ်״ဟုပြောသည်။
ယခင်နှစ်များတွင် နေ့စားလုပ်သားများ၏လုပ်ခသည် တစ်ရက် ၃၀၀၀ ကျပ်ဖြစ်ပြီး ယခုအခါ ကျပ် ၄၀၀၀ မှ ၅၀၀၀ အထိ ရှိဖြစ်လာသည်ဟု သိရသည်။ လုပ်အားခ၊ မြေသြဇာ စသည်များအတွက် ကုန်ကျစရိတ်များလာသည့်အတွက် လယ်သမားများအတွက် အရှုံးပေါ်နေသည်ဟု သိရသည်။
အလုပ်သမားများအနေဖြင့်လည်း နေ့တွက် တစ်ရက် ၄၀၀၀ ကျပ်နှုန်းထက် ပိုပေးနိုင်သောသူနောက်ကိုသာ လိုက်ကြသဖြင့် ယခုစိုက်ပျိုးချိန် အလုပ်သမားခေါ်ယူရာတွင် အလုအယက် ခေါ်ကြရသည်ဟု သိရသည်။
ဘောလခဲ မြို့ရှိ နှမ်းစိုက်ပျိုးသည့် ဒေသခံတောင်သူက “စိုက်တဲ့အချိန်တော့ ခုပြီးသွားပြီးဒီနှစ်တော့ ကောင်းနိုင်ပါတယ် တချို့ဆိုနှစ်ခါ ထပ်စိုက်ရတယ် ရိတ်တဲ့အချိန်ပဲ စိုးရိမ်တာ အဲ့အချိန်ဆို အလုပ်သမားရှားတာပြဿနာ အရင်နှစ်ကဆို အလုအယှက်ခေါ်ရတယ် နေ့စားခတွေလည်း ၄၀၀၀ ကျော် ၅၀၀၀ လောက်ပေးရတယ် ဒီနှစ်လည်း အလုပ်သမားရှားလာနိုင်တယ်״ ဟု ကန္တာရဝတီတိုင်း(မ်) သို့ ပြောသည်။
နှမ်းကို အဓိကထားစိုက်ပျိုးသည့် ဘောလခဲတောင်သူများမှလည်း နှမ်းရိတ်သိမ်းသည့်အချိန်တွင် လုပ်သားများ ရှားပါးလာမှုမှာ ယခင်နှစ်မှ စတင်၍ရှားပါးလာတာဖြစ်ကြောင်း လုပ်သားများ ရှားပါးလာသောကြောင့် လုပ်အားခကို ပုံမှန်မဟုတ်ဘဲ ပိုမိုပေးနေရကာ လုပ်သားခေါ်ယူရာတွင်လည်း အပြိုင်ဆိုင်ဖြစ်လာသည်ဟု သိရသည်။
ပြီးခဲ့သည့် နှစ်တွင် ဘောလခဲရှိ နှမ်းစိုက်တောင်သူများ လုပ်အားခ ရင်းနှီးငွေများပြီး သီးနှံများဈေးကွက် မကောင်းမသဖြင့် အရှုံးပေါ်ခဲ့ကြရသည်ဟု သိရသည်။
နေ့စားဖြင့် လုပ်ကိုင်နေသည့် အလုပ်သမားတစ်ဦးက ̏ ကျနော်တို့ကတော့ ပိုက်ဆံပိုပေးတဲ့ သူဆီလိုက်မှာပဲလေ ဘယ်အလုပ်သမားမဆို လုပ်အားခပိုပေးတဲ့သူကိုလိုက်မှာပဲ ကျွန်တော်တို့ကလည်း တစ်နေ့ကိုအနည်းဆုံး ၄၀၀၀ လောက်ရမှလည်း ဖြစ်တော့မယ့် အခြေနေဖြစ်နေပြီလေ ခုကလုပ်တဲ့သူတွေလည်း ရှားပါးနေပြီ״ ဟုပြောသည်။
ယခုလို နေ့စားလိုက်သည့်သူများ ရှားပါးလာရခြင်းသည် လမ်း၊ တံတား၊ ဆောက်လုပ်ရေး စီမံကိန်းများ၏ လုပ်ငန်းခွင်ထဲတွင် ဝင်ရောက်လုပ်ကိုင်လာကြသည့်အပြင် လူငယ်လူရွယ်များသည်လည်း ပြည်ပ သို့မဟုတ် ရပ်ဝေး နယ်ဝေးသို့ ထွက်ခွာလုပ်ကိုင် စားသောက်လာကြဖြစ်သည့်အတွက် ပြည်တွင်း အလုပ်လုပ်သူများရှားလာခြင်း ဖြစ်သည်ဟု ဒေသခံတောင်သူဦးကြီးများက ပြောဆိုကြသည်။

No comments:
Post a Comment