Monday, July 14, 2014

ယူနတီသတင်းထောက်များကို လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ဟု စာနယ်ဇင်းကောင်စီပြော

နန်းလွင်နှင်းပွင့်

ဇူလိုင်လ ၁ဝ ရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝ နှစ်ချမှတ်လိုက်သည့် ယူနတီသတင်းဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်လေးဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြင့် သမ္မတ၏ သဘောထားကြီးမြင့်မှုကို ပြသသင့်သည်ဟု မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)မှ ဇူလိုင်လ ၁၂ ရက်တွင် သဘောထား ထုတ်ပြန်လိုက်သည်။

ယူနတီဂျာနယ်မှ အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက် လေးဦးမှာ ပေါက်မြို့နယ်အတွင်းရှိ စက်ရုံအား “ ဓာတုလက်နက်စက်ရုံ"ဟု သတင်းဆောင်းပါးရေးသားခဲ့ခြင်းနှင့် ပတ်သက်၍ နိုင်ငံတော်လျှို့ဝှက်ချက် ပေါက်ကြားမှု ဥပဒေဖြင့် တရားစွဲကာ အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

တရားရုံးမှ အမိန့်ချမှတ်လိုက်ခြင်းနှင့် ပတ်သက်၍ သတင်းသွားရောက်ယူခဲ့သည့် သတင်းသမားများမှာ အပြစ်ကျူးလွန်ခဲ့သည်ရှိသော်လည်း သာမန်ပိုင်နက်ကျူးလွန်မှုမျိုးသာ ဖြစ်ပြီး တမင်ရည်ရွယ်မှုဖြင့် ကျူးလွန်ခဲ့ခြင်း မဟုတ်သဖြင့် ပြစ်ဒဏ်မှာ ကြီးလေးလွန်းသည်ဟု ကောင်စီက မှတ်ချက်ပြုသည်။

စာနယ်ဇင်းကောင်စီက “ စက်ရုံမြေက ဒေသခံ တောင်သူလယ်သမားပိုင် လယ်မြေတွေကို သိမ်းယူထားတာကြောင့် လယ်သမားတွေ နစ်နာမှုကို ပိုပြီးထင်ရှားစေဖို့ ကန့်သတ်နယ်မြေလို့ တရားဝင်ရေးသားဖော်ပြခဲ့တယ်၊ အဲ့အတွက် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေကို တမင်သက်သက် ဖောက်ဖျက်ကျူးလွန်တာ မရှိကြောင်း ထင်ရှားတယ်"ဟုသာ မြင်ရသည်ဟု ဆိုသည်။

အကျဉ်းကျခံနေရသည့် သတင်းထောက်များအနေဖြင့် ရေးသားသည့် သတင်းမှာ ခိုင်မာ၊ တိကျမှု ၊ အထောက်အထား ပြည့်စုံစွာရရှိရန် ကြိုးစားခဲ့ခြင်းဖြစ်ပြီး သတင်းတွင် သက်သေစုံလင်စွာ ဖော်ပြနိုင်မှု အားနည်းချက်ရှိသည်မှ လွဲ၍ အများပြည်သူ (လယ်သိမ်းဆည်းခံ ဒေသခံ တောင်သူလယ်သမားများ) အကျိုးစီးပွားကိုသာလျှင် ဦးတည်ခဲ့သည်မှာ ထင်ရှားသည်ဟုလည်း ထပ်မံပြောဆိုသည်။

ထိုကဲ့သို့ ကြီးလေးသည့် အပြစ်ကျူးလွန်မှု ထင်ရှားခြင်း မရှိသည့် အပြင်၊ ဒီမိုကရေစီအသွင်ကူးပြောင်း နေသည့် အစိုးရ အနေဖြင့် အကျဉ်းကျသတင်းထောက်များအား လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့်ကြောင်းကိုလည်း စာနယ်ဇင်းကောင်စီက မေတ္တာရပ်ခံပြောဆိုသည်။

သမ္မတအနေဖြင့် ၂ဝ၁၃ ခုနှစ်တွင် ဒီမိုကရေစီအသွင်ကူးပြောင်းသည့် လုပ်ငန်းစဉ်တစ်ရပ်အဖြစ် နှစ်ရှည် နှင့် တစ်ကျွန်းပြစ်ဒဏ်နှင့် အထက် အကျဉ်းကျနေသည့် နိုင်ငံရေးသမားများအား စီစစ်ကာ သမ္မတ အာဏာဖြင့် အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည်။

ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများလုပ်ဆောင်သည့် သမ္မတသစ်လက်ထက်ဟု သတင်းမီဒီယာများမှ ကြွေးကြော်နေချိန်တွင် သတင်းထောက်များအား ထောင်ဒဏ် နှစ်ရှည်ချမှတ်မှုမှာ ဒီမိုကရေစီ အစိုးရ မပီသကြောင်းကို ပြသသကဲ့သို့ ဖြစ်သွားသည်ဟုလည်း သတင်းမီဒီယာဆရာများက ပြောသည်။

ပြစ်ဒဏ်လျော့ပေါ့စေရန် အလို့ငှာ အယူခံအဆင့်ဆင့် ဝင်သွားမည်ဟုလည်း ရှေ့နေဦးသန်းဇော်အောင်က ပြောသည်။ ယင်းအပြင် သတင်းထောက်လေးဦး၏ ရှေ့နေ ဦးရောဘတ်စန်းအောင်ကလည်း ရက်ပိုင်းအတွင်း အယူခံဝင်မည်ဟု မဇ္ဈိမကို ပြောသည်။

ပြည်တွင်းသတင်းထောက်များနှင့် နိုင်ငံခြားသတင်းထောက်များမှ ဇူလိုင်လ ၁၁ ရက်တွင် ရွှေတိဂုံအရှေ့ဘက်မုဒ်၊ ကြေးသွန်းဘုရားကြီးတွင် ယူနတီမှ အမှုဆောင် အရာရှိချုပ်နှင့် သတင်းထောက်များ လွတ်မြောက်ရေး ဆုတောင်းဝတ်ပြုခြင်းများ ပြုလုပ်ခဲ့သည်။

ဇူလိုင်လ ၁၂ ရက်၊ နံနက် ၉ နာရီခန့်တွင် သမ္မတ နှင့်အနုပညာရှင်များ တွေ့ဆုံပွဲသို့ လာရောက် သတင်းယူသည့် သတင်းထောက်အချို့မှာ “ မီဒီယာဖိနှိပ်မှု ရပ်” ဟု စာသားပါရှိသည့် အင်္ကျီများ ဝတ်ဆင်လာသဖြင့် သတင်းရယူခွင့် မရရှိခဲ့ပေ။

No comments: