Saturday, July 12, 2014

ကုန်စိမ်းရောင်းသူချင်း ဆိုင်ရှေ့ထိလာပြီး စိန်ခေါ်ကာ ဓားဖြင့်ထိုး၍ ထွက်ပြေး

ဖြိုးဝေလင်း

ကုန်စိမ်းရောင်းသူချင်း ကုန်စိမ်းချသည့်ကိစ္စဖြင့် စကားများခဲ့ရာမှ မကျေနပ်၍ ဆိုင်ရှေ့ထိ ရောက်လာပြီး စိန်ခေါ်ကာ ဓားဖြင့်ထိုး၍ ထွက်ပြေးသွားခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၈ ရက်၊ ည ၈ နာရီခွဲ ၀န်းကျင်က အင်းစိန်မြို့နယ်၊ တညင်းကုန်းဘူတာတွင် ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

သေဆုံးသူ သက်နိုင်ဦး(၂၆)နှစ်သည် တညင်းကုန်းဘူတာဈေးဝင်း၊ စည်ပင်ရုံးအနီးရှိ ဈေးဆိုင်ခန်းအတွင်း အိပ်ရန်ခြင်ထောင် ထောင်နေစဉ် ကုန်စိမ်းချသည့်ကိစ္စ နှင့် စကားများခဲ့သော ရာဇာထွန်း(ခ)ရာဇာ (၂၇) နှစ်နှင့် အမည်မသိ အမျိုးသားတစ်ဦး ရောက်ရှိလာရာမှ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ၏ ဆိုင်ရှေ့သို့ရောက်ရှိလာချိန်တွင် ရာဇာထွန်း၏လက်အတွင်း ထီးရိုးရှည် သံတုတ်ကိုင်ထားပြီး အမည်မသိ အမျိုးသားမှာ ဓားရှည်တစ်ချောင်း ကိုင်ဆောင်လာကာ ရာဇာထွန်းက “မင်းခုနက ဘာစကား ပြောတာလဲ၊ ထွက်လာခဲ့” ဟု ရန်စကားပြောရာ သေဆုံးသူသက်နိုင်ဦးက အကျိုးအကြောင်းရှင်းလင်းပြော ပြနေစဉ် အမည်မသိ အမျိုးသားက “မင်း ဘာကောင် လဲ” ဟုဆိုကာ ဓားဖြင့် ၀င်ထိုးခဲ့ခြင်း ဖြစ်သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ဓားဖြင့် ထိုးခံရသဖြင့် ကိုသက်နိုင်ဦး၏ ၀ဲဘက်ရင်အုံတွင် ထိုးသွင်းဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး ၎င်း၏ဇနီးဖြစ် သူက ဆေးရုံသို့ပို့စဉ် သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး လူသေစေအောင် ပြုလုပ်ခဲ့သူ ရာဇာထွန်းနှင့် အမည်အသိ အမျိုးသားကို အရေးယူပေးပါရန် သေဆုံးသူဇနီး၏ တရားလိုပြု တိုင်တန်းချက်ကို အင်းစိန်မြို့မရဲစခန်းက (ပ) ၆၇၅/ ၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၁၁၄ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူများကို စုံစမ်းလျက် ရှိသည်။

No comments: