Sunday, July 13, 2014

'မီဒီယာဖိနှိပ်မှုရပ်'စာသားပါ အင်္ကျီများ ဝတ်ဆင်လာသူများအား သတင်းယူခွင့် မပေး၍ ပြည်တွင်းပြည်ပ သတင်းဌာနများက သတင်းထောက်၁၂ဝ ခန့် သမ္မတကို ဆန္ဒပြ

Mizzima

ကမာရွတ်မြို့နယ်၊ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာ (MPC)တွင် သတင်းမီဒီယာအား ဖိနှိပ်မှုရပ်ဟူသည့် စာသားပါ တီရှပ်အင်္ကျီများ ဝတ်ဆင်ထားသည့် သတင်းထောက်များကို သတင်းရယူခွင့် မပေးသဖြင့် သမ္မတဦးသိန်းစိန်းအား သတင်းထောက် ၁၂ဝခန့်က ဇူလိုင်လ ၁၂ရက် နံနက်က ဆန္ဒထုတ်ဖော်ခဲ့သည်။

သတင်းထောက်များက မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် သမ္မတနှင့်အနုပညာရှင်များ တွေ့ဆုံပွဲ သတင်းကို လာရောက်ယူခြင်းဖြစ်ပြီး သတင်းထောက်များကိုလည်း တရားဝင် ဖိတ်ကြားထားပြီး ဖြစ်သည်။

ပြည်တွင်းပြည်ပ မီဒီယာများက မြန်မာငြိမ်းချမ်းရေး စင်တာရှေ့တွင် “ မီဒီယာဖိနှိပ်မှုရပ်၊ Stop Killing Press" ဟူသည့် စာသားများပါသည့် အကျီများဝတ်ကာ တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ယင်းအပြင် MPC အနီး ဦးဝိစာရ လမ်းထိပ်တွင် ပါးစပ်များကို တိတ်များဖြင့် ပိတ်ကာ ကင်မရာများ ရှေ့ချ၍ ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရခြင်းနှင့် ပတ်သတ်၍ သမဂ္ဂသတင်းဂျာနယ်မှ သတင်းထောက်ချုပ် မရွှေမှုန်က “ကျွန်မတို့ ပါးစပ်တွေကို ပိတ်ထားသလိုပဲ၊ သတင်းမေးခွင့် မရဘူး၊ ဓါတ်ပုံရိုက်ခွင့် မရဘူး ပြည်သူကို ဘယ်လိုတင်ပြရမလဲ၊ ကျွန်မတို့သတင်းသမားတွေရဲ့ စုံစမ်းဖော်ထုတ်မှုတွေမရှိဘူး၊ သမ္မတကြီးရော ဒါတွေ သိပါ့မလား၊ သမ္မတကို ဒါ သိစေချင်လို့ပါ" ဟုပြောသည်။

အခြားသတင်းထောက်များမှလည်း “ အားလုံးက ဝင်ခွင့်ရဖို့ သတင်းယူဖို့ စည်းနဲ့ကမ်းနဲ့ တောင်းဆိုတယ်၊ ဒီအကျီဝတ်လာလို့ ဝင်ခွင့် မပေးတာလို့ပဲ ပြောတယ်၊ အင်္ကျီလဲမယ်ဆိုရင်တော့ ဝင်ခွင့်ပေးမယ်ပြောတယ်" ဟုပြောသည်။

သတင်းလာရောက်ယူသည့် သတင်းထောက်များအား “မီဒီယာဖိနှိပ်မှုရပ်" ဟူသည့် စာသားပါရှိသည့် အင်္ကျီများ ဝတ်ဆင်လာသဖြင့် သတင်းယူရန် ခြံဝင်းအတွင်းသို့ ဝင်ခွင့်မရှိဟု ကမာရွတ်မြို့နယ်၊ ဒုရဲမှူး ဦးမောင်မောင်ဦးက ပြောသည်။

စာသားပါသည့် အကျီများ ဝတ်ဆင်လာခဲ့သည့် သတင်းထောက်များကလည်း “ကိုယ့်မီဒီယာဆောင်ပုဒ် ပါတဲ့ အင်္ကျီကို ကိုယ်ဝတ်တာ ဘာလို့ ဝတ်ခွင့် မရှိဘူး၊ ဒီစာသားပါတဲ့ အင်္ကျီပါရင် သတင်းယူခွင့် မရှိဘူးဆိုတာက လာပြီးကန့်သတ်ချုပ်ချယ်ရာကျတယ်" ဟုပြောသည်။

ဇူလိုင်လ ၁၁ ရက်တွင်လည်း သတင်းထောက် ၅ဝ ခန့်မှ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်၊ ကြေးသွန်းဘုရားကြီးတွင် ယူနတီသတင်းထောက်များ ထောင်ဒဏ်မှ လွတ်မြောက်ရေး ဆုတောင်းမှုများ ပြုလုပ်ခဲ့သည်။

ယူနတီသတင်းထောက်များမှာ၂ဝ၁၃ခုနှစ်၊ ဇန်နဝါရီ၂၅ရက်ထုတ် ယူနတီစာစောင်၊အတွဲ(၃) အမှတ် (၄) တွင် “ဓာတုလက်နက်ပစ္စည်းစက်ရုံ"ဟု ဓါတ်ပုံများနှင့်တကွသတင်းရေးသားခဲ့သဖြင့် (ပ) ၈/ ၂ဝ၁၄ မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၃(၁)(က)/၉ ဖြင့် အမှုဖွင့်အရေးယူကာ ဇူလိုင်လ၁ဝရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁ဝနှစ် ချမှတ်လိုက်ခြင်းဖြစ်သည်။ ထိုပြစ်ဒဏ်နှင့် ပတ်သက်၍ သတင်းမီဒီယာ ဆရာများမှ တရားရုံးမှ ပြစ်ဒဏ်ချမှတ်မှုမှာ မျှတမှု မရှိဟု ဝေဖန်လျက်ရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း ယူနတီဂျာနယ်မှ သတင်းထောက်များအား ထောင်ဒဏ် ၁ဝနှစ် ချမှတ်လိုက်ခြင်းမှာ ပြစ်ဒဏ်များလွန်းသဖြင့် ပြန်လည်စီစစ်သင့်ကြောင်း ဇူလိုင်လ ၁၂ရက်က ပခုက္ကူမြို့နယ်တွင် ပြောကြားခဲ့သည်။

No comments:

Post a Comment