Saturday, July 5, 2014

ပဋိပက္ခကြောင့် မန္တလေးမြို့မှာ ညမထွက်ရအမိန့် ထုတ်ပြန်

ABC

မန္တလေးမြို့မှာ ​ဇူလိုင်လ ​၁ရက်နေ့ကစတင်ပြီး ​၃ရက်နေ့အထိ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတွေ ​အတွင်း ​လူ ​၂ဦး ​သေဆုံးခဲ့ပြီး ​၁၄ဦး ​ဒဏ်ရာရရှိခဲ့ ​အတွက် ​ဇူလိုင်လ ​၃ရက်နေ့ ​ညနေပိုင်းမှာ ​ညမထွက်ရအမိန့် ​ပုဒ်မ ​၁၄၄ကို ​ခရိုင်အထွေထွေအုပ်ချုပ်ရေး ​ဦးစီးဌာနက ​ထုတ်ပြန် ​လိုက်တယ်လို့ ​သိရပါတယ်။

မန္တလေးတိုင်းမြို့နယ် ​၇ ​ခုရှိတဲ့ ​အနက် ​မြို့နယ် ​၆ခုမှာ ​ညမထွက်ရအမိန့် ​ထုတ်ပြန်ခဲ့တာ ​ဖြစ်တယ်လို့ ​မန္တလေးတိုင်း ​ရဲတပ်ဖွဲ့မှူးရုံးက ​တာဝန်ကျရဲအရာရှိတစ်ဦးက ​အခုလိုပြောပါတယ်။

“ဟုတ်ပါတယ်ခင်ဗျ၊ ​ဒီနေ့ကြေညာတာ ​ည၉နာရီကနေ ​မနက် ​၅နာရီထိ ​မန္တလေးခရိုင် ​၆မြို့နယ်မှာ ​အကုန်ပါပါတယ်၊ ​ကျနော်တို့ဆီမှာ ​၇မြို့နယ်ရှိတယ်၊ ​အဲဒီမှာ ​ပုသိမ်ကြီးတခုပဲ ​မပါတာ ​ချမ်းမြသာစည်တို့၊ ​အောင်မြေသာဇံတို့၊ ​အမရပူရတို့၊ ​ပြည်ကြီးတံခွန်တို့၊ ​မဟာအောင်မြေတို့ ​အဲဒါတွေပဲ။”
မန္တလေးမြို့မှာ ​ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေနဲ့ ​ပတ်သက်ပြီး ​မနေ့မနက်ပိုင်းမှာ ​မန္တလေးတိုင်း ​ဒေသကြီး ​၀န်ကြီးချုပ် ​ဦးရဲမြင့်က ​အစိုးရ ​တာဝန်ရှိသူတွေ၊ ​ဘာသာပေါင်းစုံ ​ချစ်ကြည်ရေး ​အဖွဲ့က ​တာဝန်ရှိသူတွေ၊ ​မြို့မိမြို့ ​ဖတွေနဲ့ ​တွေ့ဆုံပြီး ​သတင်းစာရှင်းလင်းပွဲ ​ပြုလုပ်ခဲ့ပါတယ်။

ပဋိပက္ခကြောင့် ​လူ ​၂ဦး ​သေဆုံးခဲ့ပြီး ​၁၄ဦး ​ထိခိုက်ဒဏ်ရာခဲ့သလို ​တခြား ​လူ၎ဦးကိုလည်း ​ရဲတွေက ​ဖမ်းဆီး ​စစ်ဆေးနေတယ်လို့ ​မနေ့က ​ပြုလုပ်တဲ့ ​သတင်းစာ ​ရှင်းလင်းပွဲအတွင်း ​မန္တလေးတိုင်း ​ဒေသကြီးရဲတပ်ဖွဲ့က ​သတင်းမီဒီယာတွေကိုပြောပါတယ်။

ပဋိပက္ခတွေ ​ဖြစ်ပွားခဲ့တဲ့ ​နေရာ ​အနီးတ၀ိုက်ရှိ ​ဆိုင်ခန်းတွေ ​ပိတ်ထားဆဲဖြစ်ပြီး ​ကောလဟလ ​သတင်းတွေကြောင့် ​ဒေသခံအများစုမှာ ​စိုးရိမ်ထိတ်လန့်မှုတွေ ​ရှိနေသလို ​ညမထွက်ရ ​အမိန့်ထုတ်ပြန် ​ထားတဲ့အတွက် ​အခြေအနေ ​ကိုစောင့်ကြည့် ​သွားမယ့်အကြောင်း ​ မန္တလေးတိုင်း ​NLD ​ဥက္ကဌဦးတင်ထွဋ်ဦးကပြောပါတယ်။

မနေ့က ​ထုတ်ပြန်လိုက်တဲ့ ​ညမထွက်ရအမိန့်မှာ ​လူ ​၅ဦးထက် ​ပိုမစုရဆိုတဲ့ ​အချက်ပါဝင် ​နေတဲ့ ​အတွက် ​ပုဒ်မ ​၄၃၆ ​ပြင်ဆင်နိုင်ရေး ​လက်မှတ်ရေးထိုးတဲ့ ​လှုပ်ရှားမှုမှာ ​အခက်အခဲ ​တွေရှိလာမှာကို ​စိုးရိမ်တဲ့အကြောင်းလည်း ​ဦးတင်ထွဋ်ဦးက ​ပြောပါတယ်။

ဖြစ်ပွားခဲ့တဲ့ ​ပဋိပက္ခတွေဟာ ​ဇူလိုင်လ ​၁ရက်နေ့က ​မန္တလေးမြို့ ​လက်ဘက်ရည်ဆိုင် ​တဆိုင်မှာ ​အလုပ်လုပ်နေတဲ့ ​၀န်ထမ်း ​အမျိုးသမီးတစ်ဦး ​အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ​သတင်းတွေ ​ထွက်ပေါ်လာခဲ့ပြီးနောက် ​စတင်ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

No comments: