Saturday, July 5, 2014

လေယာဉ်သန့်ရှင်းရေးဝန်ထမ်းသုံးဦး ဆိုင်ကယ်မှောက်၍ တစ်ဦးသေဆုံး

ဖြိုးဝေလင်း

MAI လေကြောင်းလိုင်းတွင် လေယာဉ်သန့်ရှင်းရေးအဖြစ် လုပ်ကိုင်သည့် အသက် (၂၀)ကျော်ဝန်းကျင် လူငယ် သုံးဦးသည် ဆိုင်ကယ်တိမ်းမှောက်မှုဖြစ်ပွားခဲ့ပြီး တစ်ဦးမှာ ပွဲချင်းပြီး သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဇွန်လ ၃၀ ရက်၊ မွန်းလွဲ ၁ နာရီဝန်းကျင်က မရမ်းကုန်းမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည် ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

ဖြစ်ပွားပုံမှာ အဆိုပါလေယာဉ်သန့်ရှင်းရေး ၀န်ထမ်းနှစ်ဦးသည် ပြည်လမ်းအတိုင်း လှည်းတန်းဘက်မှ ရှစ်မိုင်ဘက်သို့ မောင်းနှင်လာပြီး အင်းယားလေးကွေ့အရောက်တွင် အရှိန်လွန်ကာ ယာဘက်လမ်းစပ် ပလက်ဖောင်း အကာအရံစတီးကြိုးကို တိုက်မိပြီး တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ဆိုင်ကယ်တိမ်းမှောက်မှုကြောင့် ဆိုင်ကယ်မောင်းနှင်သူ ကိုထွန်းမြင့်ကျော်(၂၁)နှစ်သည် ၀မ်းဗိုက်စုတ်ပြဲ ဒဏ်ရာရရှိကာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့သည်။

ဆိုင်ကယ်နောက်မှ ထိုင်စီးလာသူ ကိုအောင်သူ(၂၃)နှစ်တွင် ၀ဲနားထင်ဖူးရောင်၊ ဦးခေါင်းထိပ် ပေါက်ပြဲ ဒဏ်ရာ၊ ကိုဝေလွင်(၂၃)နှစ်တွင်လည်း ၀ဲချိုစောင်းဖူးရောင်၊ ၀ဲပါးပွန်း၊ ၀ဲနားရွက်စုတ်ပြဲဒဏ်ရာများရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီးတွင် အတွင်းလူနာအဖြစ်ကုသနေသည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့်ပက်သက်၍ ဆိုင်ကယ်မဆင်မခြင်မောင်းနှင်သူ ကိုထွန်းမြင့်ကျော်ကို အရေးယူပေးပါရန် ရဲအုပ် မျိုးတင့်၏ တရားလိုပြုတိုင်တန်းချက်ကို မရမ်းကုန်းမြို့မရဲစခန်းက (ပ)၆၁/၂၀၁၄၊ ပြစ်မှု ပုဒ်မ ၃၀၄-က/၃၃၈/၂၇၉ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိသည်။

No comments:

Post a Comment