Sunday, July 6, 2014

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ပါဝင်မည့် လယ်ယာမြေများကို ကမ္ဘာ့ဘဏ်၏ စံနှုန်းအတိုင်း လျော်ကြေးပေးမည်ဟုဆို

ကေဇူး

ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် ပါဝင်မည့် လယ်ယာမြေနှင့် ကျေးရွာများကို ကမ္ဘာ့ဘဏ်၏ စံနှုန်းအတိုင်း လျော်ကြေးပေးမည် ဟု ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးနှင့် တင်ဒါရွေးချယ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးအောင်ကျော်သန်းက မဇ္ဈိမကို ပြောသည်။

ယခင်သတ်မှတ်ထားသော ကျောက်ဖြူအထူးစီးပွားရေးဇုန် ဧရိယာတွင် ရွှံ့မီးတောင် တွေ့ရှိသဖြင့် ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို နေရာပြောင်းရွှေ့ သတ်မှတ်လိုက်ပြီးနောက်တွင် ဇုန်အတွင်း ပါဝင်လာမည့် ကျေးရွာများရှိပါက ကမ္ဘာ့ဘဏ်၏ နှုန်းထားများအတိုင်း လျော်ကြေးပေးမည်ဟု ပြောကြားလိုက်သည်။

“မလွှဲသာလို့ ပါနေခဲ့ရင် ကမ္ဘာ့ဘဏ်ရဲ့ စံနှုန်းအတိုင်း လျော်ကြေးပေမယ်၊ လျော်ကြေးအပြင် အလုပ်အကိုင် အခွင့်အလမ်း၊ ပြီးရင် လက်ရှိလူနေမှုအဆင့်အတန်းပါ တိုးမြှင့်အောင်လုပ်ပေးဖို့ အစီအစဉ်တွေ ချထားတယ်”ဟု ဦးအောင်ကျော်သန်းပြောသည်။

လက်ရှိတွင် စီးပွားရေးဇုန်အတွင်း ပါဝင်မည့် လူနေအိမ်ခြေ အရေအတွက်ကို တိကျစွာ ဖော်ပြနိုင်ခြင်း မရှိသေးဟုဆိုသည်။

ယင်းစီးပွားရေးဇုန်တွင် အကြိုတိုင်းထွာမှုအရ ကန်ဒီအရှေ့၊ကန်ဒီအနောက်နှင့် မိချောင်းတက်ကျေးရွာ တို့ပါဝင်ပြီး ယင်းကျေးရွာများကို ရှောင်ကွင်းလုပ်ဆောင်မည်ဟု ဆိုထာသည်။ ဒေသခံကျေးရွာသားဖြစ်သူ ကိုထွန်းကြည်က “တိုင်းတဲ့အထဲမှာ ပါတယ်ဆိုတော့ ဒေသခံတွေက စိုးရိမ်မှု ဖြစ်နေကြတယ်၊ အာမခံချက် တစ်စုံတစ်ရာရှိရင်တော့ ကောင်းတာပေါ့”ဟု မဇ္ဈိမကို ပြောသည်။

လက်ရှိပြောင်းလဲလိုက်သော အထူးစီးပွားရေးဇုန် လျာထားနယ်မြေတွင် စားကျက်မြေ အများစု ပါဝင်နေသည်။ ကျောက်ဖြူ မြို့နယ် မဒေးကျွန်းဒေသတွင် ရေနံလှောင်ကန်စီမံကိန်းကို စားကျက်မြေအများစု အသုံးပြုထားပြီး လျော်ကြေး အပြည့်အဝ မရသေးဟု ဒေသခံများက ပြောကြားထားသည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ၂ဝ၁၂ ခုနှစ်ကတည်းက အကောင်အထည်ဖော် ကြိုးပမ်းနေခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၄ရက်တွင် ရင်းနှီးမြှပ်နှံသူ ကုမ္ပဏီ တင်ဒါခေါ်ယူရေးအတွက် စိတ်ဝင်စားမှုဖော်ပြလွှာ EOI ခေါ်ယူမည်ဖြစ်သည်။ ယင်းစီမံကိန်းအတွက် အသုံးပြုမည့် မြေပမာဏမှာ မူလက တစ်ထောင်ကျော်လျာထားသော်လည်း နေရာပြောင်းရွှေ့လိုက်ပြီးနောက် ဧက သုံးထောင်ကျော်အဖြစ် တိုးမြှင့်လိုက်သည်။

No comments:

Post a Comment