Saturday, July 5, 2014

ကျပ် ၃၇ သိန်းကျော် တန်ဖိုးရှိ ကျွဲ၊ နွား သယ်လာသူများ ဖမ်းမိ

ကျော်စိုးမိုး

ကျပ် ၃၇ သိန်းကျော်တန်ဖိုးရှိသည့် ကျွဲ၊ နွားများတရားမ၀င် သယ်ဆောင်လာသူသုံးဦးကို ဖမ်းဆီးအရေးယူထားသော ဖြစ်စဉ်တစ်ခု ဇွန်လ ၃၀ ရက်၊ နံနက် ၄ နာရီဝန်းကျင်ခန့်က တွံတေးမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ရုံးက သတင်းထုတ်ပြန်ထားသည်။

သယ်ဆောင်လာသူများမှာ ကော့မှူးမြို့နယ်၊ မဆယ်ဆိပ်ကျေးရွာတွင်နေထိုင်သည့် အုန်းကျော် (၃၈)နှစ်၊ အောင်ပန်း (၂၇) နှစ်နှင့် လှမျိုးဝေ (၁၆)နှစ်တို့ ဖြစ်ကြပြီး ၎င်းတို့သုံးဦးသည် ကော့မှူးမြို့နယ်၊ မဆယ်ဆိပ် ကျေးရွာမှ တွံတေးမြို့နယ်၊ စမ်းရွာကျေးရွာတွင် နေထိုင်သည့် လှကိုကို (ခ)ရှပ်ဖီးထံသို့ တစ်ခေါက်လျှင် တစ်သောင်းနှုန်းဖြင့် လိုက်လံပို့ဆောင်ပေးနေခြင်းဖြစ်ပြီး ကျွဲ၊ နွားများနှင့်ပတ်သက်သည့် သယ်ယူပို့ဆောင် ခွင့် စာရွက်စာတမ်းများ ပြသနိုင်ခြင်းမရှိဟု ရဲမှတ်တမ်းများတွင်ဖော်ပြထားသည်။

သယ်ဆောင်လာသည့် အကောင်အရေအတွက်မှာ ကျွဲအထီး တစ်ကောင်၊ အမ နှစ်ကောင်၊ နွားအထီး သုံးကောင်၊ အမ ခုနစ်ကောင် စုစုပေါင်း ၁၃ ကောင်ဖြစ်ပြီး၊ စုစုပေါင်းတန်ဖိုးမှာ ကျပ်၃၇ သိန်းကျော် ဖြစ် သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ကျွဲ၊ နွားများ တရားမ၀င်သယ်ဆောင်လာသည့် အုန်းကျော် အပါအ၀င်သုံး ဦးကို အရေးယူပေးပါရန် ရဲအုပ်သောင်းရွှေက တရားလိုပြု တိုင်တန်းပြီး တွံတေးမြို့မရဲစခန်းက (ပ) ၂၃၄/ ၁၄၊ အရေးကြီးကုန်စည်နှင့် ၀န်ဆောင်မှု ဥပဒေပုဒ်မ-၅ ဖြင့် အမှုဖွင့်ဆောင်ရွက်လျက်ရှိသည်။

No comments: