သာနိုးဝေ
မွန်းတည့်နေအယ်ဒီတာအဖွဲ့ အပါအ၀င် ၅ ဦးကို အများပြည်သူကို အထိတ်တလန့် ဖြစ်အောင် ကြံရွယ်မှု၊ ပြည်ထောင်စု လုံခြုံရေးနဲ့ ငြိမ်ဝပ်ပိပြားမှု ပြန်လည်ထူထောင်ရေးကို ထိခိုက်စေရန် ကြံရွယ်မှုနဲ့ ၁၉၅၀ အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ အရ ပုဒ်မခွဲ (ဃ)နဲ့ ပုဒ်မခွဲ (ည)နဲ့ ပန်းပဲတန်းမြို့နယ် တရားရုံးမှာ အမှုဖွင့်ထားတယ်လို့ ရှေ့နေကြီး ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။
ဒီမိုကရေစီအရေး စဉ်ဆက်မပြတ်လူပ်ရှားမှု အင်အားစု (အမ်ဒီစီအက်ဖ်)ရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား ဒီမိုကရေစီအင်အားစုတွေကို ကြားဖြတ်အစိုးရအဖြစ် ပြည်သူတွေက တင်မြှောက်ကြောင်း ထုတ်ပြန်ချက်ကို ဇူလိုင် ၇ ရက်နေ့ထုတ် မွန်းတည့်နေဂျာနယ်မှာ ထည့်သွင်းဖော်ပြခဲ့လို့ အခုလို အမှုဖွင့်ခံရတာပါ။
ဦးရောဘတ်ဆန်းအောင်က “သူတို့က ၁၉၅၀ ပြည့် အရေးပေါ်စီမံမှုအက်ဥပဒေ ပုဒ်မ ၅ အရ ပုဒ်မခွဲ (ဃ)နဲ့ ပုဒ်မခွဲ (ည) အဲဒီ ၂ ခုနဲ့ တရားစွဲပြီးတော့ ရမန် ယူထားတယ်လို့ သိရပါတယ်။ ဇူလိုင် ၈ ရက်နေ့မှာ ၄ ဦးကို ပန်းပဲတန်းမြို့နယ် တရားရုံးမှာ ရမန် ယူပြီးတော့ ၉ ရက်နေ့မှာ နောက်ထပ် ၁ ဦးကို ရမန် ယူပါတယ်။ အဲဒီတော့ ရမန်က ၁၄ ရက်ဆိုတော့ ၂၂ ရက်နေ့မှာ ၄ ယောက်က ပြည့်ပြီးတော့ ၂၃ ရက်နေ့မှာ တယောက် ပြည့်ပါမယ်။ ဥပဒေစကားနဲ့ ပြောရရင်တော့ အဲဒီနေ့မှာ ရုံးတင်မှာပဲ” လို့ ပြောပါတယ်။
ပုဒ်မ ၅ အရ ပုဒ်မခွဲ (ဃ)၊ (ည)နဲ့သာ တရားစွဲ ဆိုခံရပြီး အပြစ်ရှိကြောင်း ဖော်ထုတ်ခံရရင်တော့ ထောင်ဒဏ် ၇ နှစ်ခန့် ကျခံရဖွယ်ရှိတယ်လို့ သူက ဆက်ပြောပါတယ်။
ဖမ်းဆီးမှုမှာ အယ်ဒီတာအဖွဲ့တွေ ပါဝင်တဲ့အပြင် ရုံးမှာ အသုံးပြုတဲ့ကွန်ပျူတာတွေကိုလည်း သိမ်းဆည်းသွားတဲ့အတွက် ဂျာနယ်ထုတ်ဝေမှုကို ၁ ပတ် ပိတ်ခဲ့ရပေမယ့် လာမယ့် အပတ်ကစပြီး ပုံမှန်ပြန်ထွက်ဖို့ ရှိတယ်လို့ မွန်းတည့်နေက ဦးအောင်အောင်က ဆိုပါတယ်။
“အယ်ဒီတာ အဖွဲ့ဝင် ၃ ယောက်ကို ပထမဦးဆုံး အရင် ဖမ်းသွားတယ်။ ပြီးတော့ သတင်းရေးသားတဲ့ အကြီးတန်းသတင်းထောက်ကိုလည်း နောက်တရက်မှာ ဖမ်းသွားတယ်။ အခု လက်ရှိမှာ ကျနော်တို့ဆီမှာ အယ်ဒီတာ တယောက်မှ မရှိဘူး။ ပြီးခဲ့တဲ့ အပတ်က ၁ ပတ် ပိတ်တယ်။ ဒါပေမယ့် သောကြာနေ့ထွက်ကိုတော့ ထုတ်ဖြစ်အောင်ထုတ်ဖို့ စဉ်းစားနေတာပေါ့။”
မကြာခင်ကလည်း ယူနတီသတင်းဂျာနယ်မှ အယ်ဒီတာနဲ့ သတင်းထောက်ကို နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့တာ ဖြစ်ပြီး အခုရက်ပိုင်းကလည်း သတင်းထောက် ၅၀ ယောက်ကို ခွင့်ပြုချက် မယူပဲဆန္ဒပြမှု ပုဒ်မ ၁၈ နဲ့ တရားစွဲဆိုထားတဲ့ အတွက် မီဒီယာလွတ်လပ်ခွင့်ဆိုတဲ့အပေါ်မှာ ပြောစရာတွေ ဖြစ်နေပါတယ်။

No comments:
Post a Comment