Sunday, July 20, 2014

တိုင်ဖွန်းမုန်တိုင်း မြန်မာနိုင်ငံနဲ့ ဝေးရာသွားပြီ

Mizzima

မြန်မာနိုင်ငံ အရှေ့မြောက်ဘက်ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များသို့ ဇူလိုင်လ ၂ဝ ညနေပိုင်း၌ ဝင်မည်ဟု ခန့်မှန်းထားသည့် Typhoon Rammasun သည် တရုတ်နိုင်ငံတောင်ပိုင်းကမ်းခြေကို ဇူလိုင် ၁၉ရက် နံနက်ပိုင်းက ဖြတ်ကျော်ခဲ့ရာမှ အပူပိုင်း မုန်တိုင်းအဆင့်သို့ လျော့ကျလာပြီး မြန်မာနိုင်ငံမှ ဝေးရာဖက်ဆီ ရွှေ့လျားသွားပြီဟု မိုးလေဝသ ပညာရှင် ဒေါက်တာထွန်းလွင်က သူက လူမှုကွန်ယက်စာမျက်နှာတွင် ကြေငြာထားသည်။

Typhoon Rammasunသည် တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းခြေကို ဝင်ရောက်ခဲ့ပြီး ကုန်းတွင်းပိုင်းသို့ ဖြတ်ကျော်ကာ အားလျော့သွားခဲ့သည်။ ကုန်းတွင်းပိုင်းတွင် အရှေ့မြောက်ဘက်သို့ ကွေ့သွားခဲ့ပြီး ညနေ ၃နာရီတွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ လျော့ကျသွားခဲ့သည်ဟု ဒေါက်တာထွန်းလွန်က ဆိုသည်။

"မြန်မာနိုင်ငံဖက်ဆီသို့ ရွေ့လျှားလာမည်ဟု ခန့်မှန်းခဲ့သော်လည်း မြန်မာနိုင်ငံမှဝေးရာ ဖက်ဆီသို့ ရွေ့လျှားသွားနေပြီဖြစ်ပါတယ်။"ဟု ဒေါက်တာထွန်းလွင်၏ လူမှုကွန်ယက် စာမျက်နှာတွင် ရေးသားထားသည်။

ထိုသို့အရှေ့မြောက်ဖက်သို့ရွေ့လျှားမှုကြောင့် မုန်တိုင်းအကြွင်းအကျန်ကြောင့် မိုးရနိုင်မှု ဆုံးရှုံးသွားခဲ့ရသော်လည်း မုန်တိုင်း၏ အရှိန်ကြောင့် ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားကောင်းလာကာ မြန်မာနိုင်ငံတဝှမ်းတွင် မိုးရွာသွန်းမှုများဖြစ်ပေါ်စေသည်ဟု ဒေါက်တာထွန်းလွင်က ဆိုသည်။

ယင်းအပြင် မြန်မာနိုင်ငံအတွင်း ရေကြီးနိုင်ရန် အလားအလာရှိသည့် နေရာများကိုလည်း ၎င်းက ခန့်မှန်းထားသေးသည်။

ကချင်ပြည်နယ်မြောက်ပိုင်း၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်တောင်ပိုင်း၊ ဧရာဝတီတိုင်းတောင်ပိုင်း၊ ရန်ကုန်တိုင်းအရှေ့မြောက်ပိုင်း၊ ပဲခူးတိုင်း တောင်ပိုင်း၊ မွန်ပြည်နယ်တောင်ပိုင်း၊ ကရင်ပြည်နယ်အလယ်ပိုင်း၊ တနင်္သာရီတိုင်း တောင်ပိုင်းတို့တွင် ဇူလိုင်လ ၁၉ရက် နေ့လည် ၁၂နာရီခွဲမှ ၂၄နာရီအတွင်း မိုးရေချိန် ၃၅မီလီမီတာ (၁ဒသမ၁၅လက်မ)ထက် ကျော်လွန်အောင် မိုးရွာသွန်းနိုင်ပြီး ရှမ်းပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတောင်ပိုင်းနှင့် မွန်ပြည်နယ်မြောက်ပိုင်းတို့တွင် ရေလွှမ်းမိုးနိုင်ဖွယ်ရှိသည်ဟု ပညာရှင်က ခန့်မှန်းထားသည်။

ပဲခူး၊ ရန်ကုန်နှင့် သထုံတွင်မူ ရေအနက် ၁ပေကျော်အထိ တိုင်းတာရရှိကြောင်း ဆိုသည်။

No comments: