ကျော်စိုးမိုး
ရဲတပ်ကြပ်တစ်ဦးက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့် ဖြစ်စဉ်တွင် ၀င်ရောက်ကူညီခဲ့သည်ဟုဆိုကာ ဆိုင်ကယ်ကယ်ရီသမား ငါးဦး တရားစွဲခံထားရသည့် အမှုကို ဇူလိုင်လ ၁၄ ရက်တွင် တရားစွဲခံထားရသူဘက်မှ လိုပြ သက်သေသုံးဦးကို စစ်ဆေးမည်ဟု လှိုင်သာယာမြို့နယ် တရားသူကြီး ဦးခင်မောင်သောင်းက ပြောသည်။
“တရားစွဲခံထားရတဲ့ နှစ်ဦးကို စစ်ဆေးပြီးပါပြီ။ လာမယ့်ရုံးချိန်းမှာ လိုပြသက်သေ သုံးဦးကို စစ်ဆေးပြီးရင် အပြီးသတ် လျှောက်လွှဲချက် ကြားနာသွားမှာပါ” ဟု ၎င်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၃၊ သြဂုတ် ၃၀ ရက်က ဖြစ်ပွားခဲ့သည့် ရဲတပ်ကြပ်တစ်ဦးက အသက် ၁၆ နှစ်အရွယ် မိန်းကလေးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့သည့်ဖြစ်စဉ်တွင် ၀င်ရောက်ကယ်တင်ခဲ့သည့် ဆိုင်ကယ်ကယ်ရီသမား ငါးဦးကို ၀တ္တရားနှောင့်ယှက်မှု၊ ပြည်သူပိုင် ပစ္စည်းဖျက်ဆီးမှု စသည့်ပုဒ်မများဖြင့် တရားစွဲခံထားရခြင်းဖြစ်သည်။
အဆိုပါ အမှုစစ်ဆေးနေသည်မှာ တစ်နှစ်နီးပါးခန့် ကြာမြင့်နေပြီး ရုံးချိန်းအရေအတွက်မှာလည်း အကြိမ် ၃၀ နီးပါးခန့် ရှိနေပြီဖြစ်ကာ တရားသူကြီးအနေဖြင့် ဖြစ်စဉ်များကို သေချာစစ်ဆေးပြီး စွဲချက်ကို ပယ်ဖျက်ပေးစေလိုသည်ဟု တရားစွဲခံထားရသူ တစ်ဦး၏ မိသားစုဝင်က ပြောသည်။
“အဓမ္မပြုကျင့်နေလို့ ၀င်ကယ်တာကို ၀တ္တရားနှောင့်ယှက်မှုနဲ့ တရားစွဲခံထားရပြီး တစ်နှစ်နီးပါးလောက် ဖမ်းဆီး စစ်ဆေးခံရပါတယ်။ အမိန့်ချလို့ ထောင်ဒဏ်ထပ်ချမယ်ဆိုရင် လုံးဝမဖြစ်သင့်ပါဘူး။ နောက်ဆိုရင် လူတွေက အမှုကိစ္စတစ်ခုဖြစ်ရင် ဘယ်သူကမှ ၀င်ကူညီရဲမှာ မဟုတ်တော့ပါဘူး”ဟု ၎င်းက ဆိုသည်။
အဆိုပါဖြစ်စဉ်တွင် အသက် ၁၆ နှစ် အရွယ်မိန်းကလေးကို အဓမ္မပြုကျင့်ခဲ့သည့် ရဲတပ်ကြပ်ကို လှိုင်သာယာမြို့နယ်တရားရုံးက ပြီးခဲ့သည့် ဇွန်လအတွင်း ထောင်ဒဏ် လေးနှစ် ချမှတ်ခဲ့သည်။
No comments:
Post a Comment