အောင်သူရထွန်း၊ စည်သူမောင်မောင်
ငွေအလွဲသုံးစား ပြုလုပ်သည်ဟုဆိုကာ တရားရင်ဆိုင်နေရသည့် သာသနာရေးဝန်ကြီးဟောင်း ဦးဆန်းဆင့်က ပြည်သူ့ဘဏ္ဍာအလွဲသုံးခဲ့ခြင်း မရှိဘဲ သမ္မတအမိန့်မနာခံဟူသော သဘောဖြင့်သာ မတရားမှုပြုခံရခြင်းဟု ဇူလိုင် ၃ ရက်တွင် မီဒီယာများကို ပြောသည်။
နေပြည်တော် ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်တရားရုံး၊ မြို့နယ်တရားသူကြီး ဦးခင်ဝင်းထံ ဒုတိယအကြိမ် လာရောက်တရားရင်ဆိုင်ရန် လာရောက်စဉ် ပိတ်ဆို့ထားသည့် လုံခြုံရေးများကြားမှ မီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။
“သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတဲ့ သဘောနဲ့လုပ်တာဖြစ်ပါတယ်၊ မတရားမှုပြုတာပါ”ဟု ဦးဆန်းဆင့်က ပြောသည်။
ထို့ပြင်သာသနာရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့ရခြင်းသည် ဖမ်းဆီးထိန်းသိမ်းခံရစေရန် အကြောင်းဖန်သည့် သဘော သက်ရောက်နေသည်ဟုလည်း ၎င်းက ဆိုသည်။
သန္တိသုခအရေးနှင့် စပ်လျဉ်း၍မူ ဦးဆန်းဆင့်က“မဟာသန္ဓိသုခနဲ့ ပတ်သက်လို့ ရပ်တည်ချက်က မှန်ပါတယ်။ သံဃမဟာနာယက ဆရာတော်၊သံဃာတော် (မဟန)က မှန်ကန်တဲ့အတွက် ရပ်တည်ရခြင်းဖြစ်ပါတယ်”ဟုဆို၍ “ယနေ့ဘာလဲဆိုတော့ ကျွန်တော်ကို စစ်ပြီးတဲ့ကိစ္စနဲ့ပတ်သက်လို့ စစ်ဖြစ်ပြီးသားကိစ္စကို အရေးယူဖို့ဆိုပြီး ဆောင်ရွက်တယ်” ဟု ဆက်ပြောသည်။
ပီနန်ဆရာတော်နှင့် နိုင်ငံတော်သံဃမဟာနာယက (မဟန)တို့ သန္တိသုခကျောင်းတိုက် ပိုင်ဆိုင်မှု အငြင်းပွားနေချိန်တွင် ၎င်းသည် သာသနာရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ဇွန်၁၁ ရက် ပီနန်ဆရာတော် ပြည်ပ ခရီးထွက်ခွာနေစဉ် ညပိုင်း၌ ရဲတပ်ဖွဲ့နှင့် မဟနတို့က ကျောင်းတိုက်ကို ၀င်ရောက်စီးနင်းခဲ့ပြီး ပီနန်ဆရာတော်၏ တပည့်သံဃာငါးပါးကို ဖမ်းဆီးခဲ့ကာ သာသနာညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ ဖြင့် သာသနာရေးဦးစီးဌာနက တရားစွဲဆိုသည်။
အဆိုပါဖြစ်စဉ်အပြီး ဇွန် ၁၉ ရက်တွင် ဦးဆန်းဆင့်ကို ဖမ်းဆီးခဲ့ပြီး ရမည်းသင်း အကျဉ်းထောင်၌ ချုပ်နှောင်ထားကာ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနက ယုံကြည်အပ်နှံရေးအလွဲသုံးမှု ပုဒ်မ ၄၀၉/၁၀၉ ဖြင့် တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။
ဖမ်းဆီးခံရပြီးနောက် နိုင်ငံတော်သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က“သန္တိသုခကိစ္စကလည်း အကြောင်းတစ်ခု ပါဝင်ပါတယ်”ဟု ဇွန်လ ၂၀ ရက် ပြည်သူ့လွှတ်တော်ခန်းမအပြင်ဘက်တွင် မဇ္ဈိမကို မှတ်ချက်ပြုခဲ့သည်။
ဦးဆန်းဆင့်ကမူ “ဒါဟာအလွန်ပဲ မတရားပြုလုပ်မှုတစ်ခုလို့ပဲ သုံးသပ်ပါတယ်”ဟု ဆိုသည်။ ထို့ပြင် “ဆရာတော်၊ သံဃာတော်အပေါင်းတို့ဟာ မှန်ကန်စွာ ရပ်တည်ခဲ့တဲ့ ကျွန်တော့်ဘက်ကို ရပ်တည်ပေးပါ၊ စောင့်ရှောက်ပေးပါ”ဟု မီဒီယာများမှတစ်ဆင့် မဟနဆရာတော်ကြီးများထံ လျှောက်ထားခဲ့သေးသည်။
ဦးဆန်းဆင့်သည် သာသနာရေးဝန်ကြီးအဖြစ် ပြောင်းရွှေ့မထမ်းဆောင်မီ ဧရာဝတီ တိုင်းလွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။ ထိုစဉ်က တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်၏ အစိုးရအဖွဲ့နှင့် အငြင်းပွားမှုများရှိခဲ့ပြီး တိုင်းဝန်ကြီးတစ်ဦးကို စွပ်စွဲပြစ်တင်ရန် စီစဉ်သည်အထိပင် ရှိဖူးသည်။ ယင်းဖြစ်စဉ်ကြောင့် မိခင်ပါတီဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အထွေထွေအတွင်းရေးမှူး (ထိုစဉ်က) ဦးဌေးဦးနှင့်လည်း လူသိရှင်ကြား ငြင်းခုန်ခဲ့ကြဖူးသည်။
ထို့နောက်၂၀၁၃ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် သမ္မတက သာသနာရေး ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ယူစေခဲ့သည်။ ထိုစဉ်က ဧရာဝတီတိုင်းသားတို့ အလိုရှိလျှင် လွှတ်တော်ဥက္ကဋ္ဌအဖြစ်သာ ဆက်နေမည်ဟု ဦးဆန်းဆင့်က ပြောခဲ့သည်။ ဧရာဝတီတိုင်းသားအချို့ကလည်း ထိုစဉ်ကရော ဖမ်းဆီးခံရပြီးချိန်ကပါ ဆန္ဒပြခဲ့ကြသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးကျော်လင်းဦးက“သူတို့အတွက် အန္တရာယ်ရှိပုံရမယ်ထင်လို့ လုပ်လိုက်တာ။ အခုအစိုးရကလည်း အရင်တုန်းက စစ်တပ်မှာ ရာထူးကြီးကြီးယူခဲ့တဲ့သူတွေဆိုတော့ သူတို့အတွက် မလုံခြုံတဲ့ကိစ္စတွေ ဖြစ်လာနိုင်တယ်လေ။ နောက်ကြောင်းမကင်းတဲ့ ကိစ္စတွေပေါ့”ဟု မှတ်ချက်ပြုသည်။
ဦးဆန်းဆင့်နှင့် တစ်ပြိုင်နက် ထိန်းသိမ်းခံခဲ့ရသူ ၎င်း၏ ကိုယ်ရေးအရာရှိ ဦးအောင်သူမင်း (ဗိုလ်ကြီးအငြိမ်းစား)၏ ဇနီး ဒေါ်ပွင့်ဇင်မာအောင်က “ကျွန်မ ဖုန်းကိုလည်း သူတို့ သိမ်းသွားတယ်။ဘာကြောင့် ဖမ်းတယ်ဆိုတာလည်း မသိရဘူး။ဒီနေ့တောင်မှ သတင်းကြားလို့ လာကြည့်တာ၊ တွေ့တော့လည်း စကားတစ်ခွန်းတောင် ပြောခွင့်မရဘူး”ဟု ငို၍ ပြောသည်။
၎င်းက စတင်ဖမ်းဆီးသွားသည့်နေ့မှစ၍ တွေ့ခွင့်လည်း မရ စကားတစ်ခွန်းမျှလည်း ပြောခွင့်မရသေးဘဲ မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကိုပင် မသိရသေးဟု ဆိုသည်။ တရားခွင်အတွင်း ဦးဆန်းဆင့်က ၎င်းအား ထိန်းသိမ်းထားသည့် နေရာတွင် ကျန်းမာရေးစောင့်ရှောက်ပေးရန် ဆရာဝန်မရှိ၍ ဖြည့်ဆည်းပေးရန် ပြောခဲ့သေးသော်လည်း တိကျသည့် အဖြေမရရှိခဲ့ပေ။
ဦးဆန်းဆင့်ကို နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ် ဘုရားကုန်း ရဲစခန်းတွင် အမှုဖွင့်ထားခြင်းဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ် တရားရုံးတွင် အမှုရင်ဆိုင်နေရခြင်းဖြစ်သည်။ ၎င်းကို ပုဗ္ဗသီရိမြို့နယ် တရားသူကြီးက ဇူလိုင် ၃ ရက်တွင် ရမန်ကြီးတစ်ပတ်(၁၄ ရက်) ရုံးပြန်ချိန်းခဲ့သည်။ ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက ဦးဆန်းဆင့်သည် ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းထိ ကျခံရနိုင်သည်။
No comments:
Post a Comment