Saturday, July 12, 2014

ဒဂုံတက္ကသိုလ်အတွင်း သမဂ္ဂရုံးဖွင့်ခွင့် မပေး၍ကျောင်းသားများ ဆန္ဒပြ

နန်းလွင်နှင်းပွင့်

ရန်ကုန်မြို့၊မြောက်ဒဂုံမြို့နယ်ရှိ ဒဂုံတက္ကသိုလ်ဝင်းအတွင်း တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရုံးခန်းဖွင့်လှစ် ခွင့်မပေး၍ဟုဆိုကာ ကျောင်းသားများက ဇူလိုင် ၁၀ ရက်တွင် ကျောင်းဝင်းအတွင်း လှည့်လည် ဆန္ဒထုတ်ဖော်လိုက်ကြသည်။

ကျောင်းသားဦးရေ ၃၀ ကျော် ဆန္ဒထုတ်ဖော်ခဲ့သည်ဟု ပါဝင်ခဲ့သည့်ကျောင်းသားများက မဇ္ဈိမကို ပြော သည်။ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်ပြီးသမဂ္ဂမှ ပြောရေးဆိုခွင့်ရှိသူကိုပိုင်ရဲသူ က“ရုံးခန်းတောင်းတာ ဖွင့်ခွင့် မပေးဘူး။ နားနေဆောင်မှာ ကျွန်တော်တို့ကဆိုင်းဘုတ်ချိတ်ထားတယ်။ အဲ့ဒါကို ညကြီးအချိန်မတော်လာ ပြီးဖြုတ်ချတယ်” ဟု ဆိုသည်။

ကျောင်းသားသမဂ္ဂရုံးခန်းပေးရန်သက်ဆိုင်ရာပါမောက္ခအား နှစ်ကြိမ်ခန့်စာဖြင့်လည်းကောင်း၊ ကျောင်းသား ခေါင်းဆောင်များက နှုတ်ဖြင့်လည်းကောင်း၊ တောင်းဆိုမှုများပြုခဲ့သော်လည်း ခွင့်မပေးသဖြင့် ကျောင်းသား များနားနေဆောင်(၁)တွင် သမဂ္ဂဆိုင်းဘုတ် နှင့် အလံတပ်ထားခဲ့သည်ဟုဆိုသည်။

ကျောင်းသားများ၏ ကိစ္စများကို ကျောင်းသားခေါင်းဆောင်များမှ အဆင့် ဆင့်ဖြေရှင်းပေးနိုင်ရေးရည်ရွယ် ကာသမဂ္ဂရုံး ဖွင့်လှစ်နိုင်ရန် တောင်းဆိုခြင်းဖြစ်သည်ဟု ပြောသည်။

ကျောင်းသားများ ရုံးခန်းဖွင့်ခွင့်ပေးသည်အထိ ဆန္ဒပြတောင်းဆိုသွားမည်ဟု ဆိုသည်။အစိုးရက တက္ကသိုလ် ကျောင်းသားများကို တရားဝင်ကျောင်းသားသမဂ္ဂ ဖွဲ့စည်းခွင့်မပေးထားပေ။ ထို့ပြင်ကျောင်းများတွင် နိုင်ငံ ရေးမလုပ်ဆောင်ရ ၀န်ခံကတိထိုးခိုင်းပြီး အဖွဲ့အစည်း၊ အလံ၊ တံဆိပ်ပုံသဏ္ဌာန်ဆောင်သည့် လှုပ်ရှားမှု များမပြုလုပ်ရန်လည်း ကျောင်းများ စတင်အပ်နှံသည်မှစ၍ အုပ်ထိန်းသူနှင့် တကွလက်မှတ်ရေးထိုးရသည်။

No comments:

Post a Comment