ခင်မြတ်မြတ်ဝေ
သတင်းမီဒီယာအား ဖိနှိပ်မှုရပ်ဟူသည့် စာသားပါ အင်္ကျီဝတ်ဆင်ထားသဖြင့် သတင်းရယူခွင့်မပေးသောကြောင့် သမ္မတဦးသိန်း စိန်အား ဆန္ဒပြခဲ့သည့် သတင်းသမားများကို စခန်းမှူးကိုယ်တိုင် အမှုဖွင့်ထားသည်ဟု ကမာရွတ်မြို့နယ် ရဲစခန်းမှ တာဝန်ကျရဲဝန်ထမ်းက အတည်ပြုသည်။
“အခုလောလောဆယ် အယောက်ငါးဆယ် အမှုဖွင့်ထားတယ်။ ကျန်တဲ့သူတွေရှိသေးတယ်။ ဓာတ်ပုံမှတ်တမ်းတွေရှိတာပဲ။ စိစစ်လို့ရပါတယ်။ သတင်းယူတဲ့သူတွေမပါဘူး။ ဆန္ဒပြတဲ့သူကိုပဲ အရေးယူမှာပါ” ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ဇူလိုင် ၁၂ ရက် မနက်ကပြုလုပ်သည့် အနုပညာရှင်များနှင့် သမ္မတတို့ တွေ့ဆုံပွဲတွင် သတင်းမီဒီယာဖိနှိပ်မှုရပ် ဟူသည့် အင်္ကျီဝတ်ထားသော သတင်းသမားများကို သတင်းရယူခွင့်မပေးသဖြင့် ဆန္ဒပြခဲ့ကြသည်။
ပြည်တွင်းပြည်ပ မီဒီယာမှ သတင်းသမားများက မြန်မာငြိမ်းချမ်းရေး စင်တာရှေ့တွင် “ မီဒီယာဖိနှိပ်မှုရပ်၊ Stop Killing Press" ဟူသည့် စာသားများပါသည့် အကျီများဝတ်ကာ တိတ်ဆိတ်စွာ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်ပြီး ၎င်းတို့အား စခန်းမှူးက ပုဒ်မ ၁၈ဖြင့် အမှုဖွင့်လိုက်ခြင်းဖြစ်သည်။
“သတင်းရယူဖို့ တရားဝင်သက်သေကတ်ပြားတွေထုတ်ပြတာလည်း သူတို့က ယူခွင့်မပေးဘူး။ သတင်းသမား က သတင်းမယူရဘူးဆိုရင် ဘာလုပ်မလဲ။ ဇာတ်ကတဲ့သူကလည်း ဇာတ်မကရဘူးဆိုရင် ဘာလုပ်မလဲ။ အရေး ယူခြင်း မယူခြင်းကတော့ သူတို့သဘောပါပဲ။ မီဒီယာနဲ့ သတင်းလောကကို အမှောင်ချချင်လို့ ဒီလိုလုပ်တယ်လို့ ပဲ ယူဆပါတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်သည့် သမဂ္ဂဂျာနယ်မှ သတင်းထောက်ချုပ် မရွှေမှုန်က ပြောသည်။
မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သည့် သမ္မတနှင့်အနုပညာရှင်များ တွေ့ဆုံပွဲကို စာနယ်ဇင်းသမားများက လာရောက်သတင်းရယူခြင်းဖြစ်ပြီး တရားဝင် ဖိတ်ကြားထားခြင်းလည်း ဖြစ်သည်။
ယူနတီဂျာနယ်မှ စာနယ်ဇင်းသမားများကို မြန်မာနိုင်ငံလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ၃(၁)(က)/၉ ဖြင့် ဇူလိုင်လ၁ဝရက်တွင် အလုပ်ကြမ်းနှင့် ထောင်ဒဏ်၁ဝနှစ် ပခုက္ကူတရားရုံးတွင် ချမှတ်ထားသည်။ ထိုပြစ်ဒဏ်နှင့် ပတ်သက်၍ တရားရုံးစီရင်ချက်အပေါ် မီဒီယာသမားများကို ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိသည်။
“ဒီသတင်းထောက်တွေကို ထောင်ဆယ်နှစ်ချမှတ်တာနဲ့ပတ်သက်ပြီးတော့ ပြန်ပြီးတော့ သုံးသပ်သင့်ပါတယ်။ ဒါက ကျွန်မ တစ်ဦးတည်းရဲ့ ပုဂ္ဂလိက အမြင်ပါ”ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပခုက္ကူမြို့ရှိ လူထုဟောပြောပွဲတွင်ပင် ဇူလိုင် ၁၂ရက်က ပြောဆိုထားသည်။
No comments:
Post a Comment