Saturday, July 12, 2014

ယူနတီဂျာနယ်မှ သတင်းထောက်များအမှု ရက်ပိုင်းအတွင်း အယူခံဝင်မည်

ယုဝေ

ယူနတီ ဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝနှစ်စီ ပခုက္ကူမြို့နယ် တရားရုံးက ဇူလိုင်လ ၁ဝရက်တွင် အမိန့်ချမှတ်ခဲ့ခြင်းအပေါ် ရက်ပိုင်းအတွင်း အယူခံဝင်သွားမည်ဖြစ်သည်ဟု အဆိုပါ အမှုကို လိုက်ပေးနေသည့် ရှေ့နေဦးရောဘက်စန်းအောင်က မဇ္ဈိမကို ပြောသည်။

ထောင်ဒဏ်ချမှတ်ခံခဲ့ရသည့် သတင်းထောက်များဖြစ်သည့် ကိုလူမော်နိုင်၊ ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနှင့် ကိုရာဇာဦးတို့အတွက် ရှေ့နေအခမဲ့ လိုက်ပေးနေသည့် ဦးရောဘက်စန်းအောင်က “ ရက်ပိုင်းအတွင်း အယူခံဝင်သွားမှာပါ။ လာမယ့်တနင်္လာ၊ အင်္ဂါလောက်ကို အယူခံဝင်နိုင်အောင် ကြိုးစား နေပါတယ်။ စာတင်ထားတာ ကျပြီဆိုရင် အယူခံဝင်လို့ရပါပြီ။ အမိန့်ချလိုက်တဲ့နေ့က ချက်ခြင်း စာတင်ထားတာပါ။ ပုံမှန်အတိုင်းဆိုရင် စာက သုံးရက် နေရင်ရပါပြီ။ တရားသေလွတ်တဲ့အထိ ရအောင်တော့ ကြိုးစားသွားမှာပါ”ဟု ပြောသည်။

မကွေးတိုင်းဒေသကြီး တရားလွတ်တော်ရုံးသို့ အယူခံဝင်နိုင်ရန် လိုအပ်သည့်စာဖြစ်သည့် “ စီရင်ချက်အမိန့် တာဝန်ခံ မိတ္တူမှန်” ကိုရရှိရန် ပခုက္ကူမြို့နယ်တရားရုံးသို့ ဇူလိုင်လ ၁ဝ ရက်က စာတင်ထားပြီးဖြစ်သည်ဟု ၎င်းက ဆိုသည်။

ဧရာဝတီ သတင်းဌာနမှ သတင်း တာဝန်ခံအယ်ဒီတာ ကိုရဲနည်က "အယူခံဝင်မယ်ဆိုတာက ကောင်းပါတယ်။ လုပ်လည်းလုပ်ရမှာပါ။ ဒီအမှုက ရာဇဝတ်မှုမဟုတ်ဘူးလို့ ယူဆပါတယ်။ ဒါက စာနယ်ဇင်းကျင့်ဝတ်နဲ့ပဲသက် ဆိုင်တာပါ။ အဲ့ဒီအပေါ်မှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ဆယ်နှစ် ချမှတ်တယ် ဆိုတာ များလွန်းပါတယ်”ဟု ပြောသည်။

ယူနတီ သတင်းဂျာနယ်မှ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းတို့ကို သတင်းထောက်များဖြစ်သည့် ကိုပိုင်သက်ကျော်၊ ကိုစည်သူစိုးနှင့် ကိုရာဇာဦးတို့ လေးဦးကို ၃/၁(က)ဖြင့်လည်းကောင်း၊ သတင်းထောက် ကိုလူမော်နိုင်ကို ၃/၁(က)၉ဖြင့်လည်းကောင်း အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁ဝနှစ်စီ အသီးသီး ချမှတ်လိုက်သည်။

ယူနတီဂျာနယ်မှ အမှတ် (၂၄) ကာကွယ်ရေးပစ္စည်းစက်ရုံကို လျှို့ဝှက်ဓာတုစက်ရုံဟု ဓါတ်ပုံနှင့်တကွ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်ထုတ် အတွဲ(၃) အမှတ်(၄) တွင် ဖော်ပြခဲ့သည့်အတွက် သတင်းရေးသားသည့် သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်ကို တရားစွဲဆို ထောင်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၃ ခုနှစ်အတွင်းက စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် ဖြေလျော့မှုများ ရှိလာသော်လည်း ၂ဝ၁၃ခုနှစ် နောက်ပိုင်းတွင် မီဒီယာလွတ်လပ်ခွင့်ကို တည်ဆဲ ဥပဒေနှင့် ပြန်လည်ချုပ်ကိုင်၊ ထိန်းချုပ်သည့် အခြေအနေများကို မြင်တွေ့လာရ သည်ဟု မြန်မာဂျာနယ်လစ်ကွန်ယက်မှ အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က မဇ္ဈိမ၏ အင်တာဗျူးတစ်ခုတွင် သုံးသပ်ပြောကြား ထားသည်။

ဇူလိုင်လ ၇ ရက်က ပြောကြားခဲ့သည့် သမ္မတမိန့်ခွန်းတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှတွင် စာနယ်ဇင်းလွတ်လပ်ခွင့် အမြင့်မားဆုံးနိုင်ငံများထဲက တစ်နိုင်ငံအဖြစ်သို့ရောက်ရှိခဲ့ပြီဟု ထည့်သွင်းပြောကြားခဲ့သည်။ ယင်းအပြင် သမ္မတမိန့်ခွန်းတွင်ပင် မီဒီယာလွတ်လပ်မှုကို တိုင်းပြည်အကျိုးဖြစ်စေမည့် ရေးသား ပြောဆိုမှုအစား နိုင်ငံတော်လုံခြုံရေးအတွက် အန္တရယ်ပေးလာပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက် သွားမည်ဟု သတိပေး လိုက်သည်။

No comments:

Post a Comment