ယုဝေ
သတင်းမီဒီယာများ၏ လွတ်လပ်မှုကို အပြည့်အဝ အာမခံချက်ပေးရန်နှင့် အမှုရင်ဆိုင်နေရသည့် သတင်းသမားများကို ၎င်းတို့၏ တရားရုံးအမှုများ ရုပ်သိမ်းပေးရန် တောင်းဆိုချက်များပါဝင်သည့် အိတ်ဖွင့်ပေးစာကို သမ္မထံ သတင်းမီဒီယာ သမားများက ပေးပို့ခဲ့သည်။
အဆိုပါ အိတ်ဖွင့်ပေးစာကို မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း (MJA)၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက် (MJN)၊ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂ(MJU)နှင့် သတင်း မီဒီယာ သမားများက လက်မှတ်ရေးထိုးကာ ဇူလိုင်လ ၁၂ ရက် ရက်စွဲဖြင့် ပေးပို့ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက် အတွင်းရေးမှူး ဦးမြင့်ကျော်က "သူတို့ဆီကို စာပို့ထားတယ်။ ဒါပေမယ့် ဆောင်ရွတ်မှု တစ်စုံတစ်ရာရှိမရှိကတော့ သတင်းမီဒီယာ အပေါ်ကို သူတို့ထားတဲ့သဘောထားပါပဲ။ ဒီမှာ ဒါတွေဖြစ်နေတယ်။ ဒီလိုမျိုးတွေ ခံစားနေရတယ်။ ဘယ်လိုမျိုးတွေ ဖြစ်စေချင်တယ် ဆိုတာကို တရားဝင်စာပို့ အကြောင်းကြားတဲ့သဘောပါ" ဟုပြောသည်
ယင်းအိတ်ဖွင့်ပေးစာတွင် သတင်းစာပညာသည် ရာဇဝတ်မှုမဟုတ်သည့်အပြင် ရာဇဝတ်ပြစ်မှုများဖြင့် သတင်းမီဒီယာသမားများ၏ သတင်းရေးသားမှုနှင့် ပတ်သတ်ပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်ခြင်းအား ပြင်ထန်စွာ ကန့်ကွက်ရှုတ်ချသည့်အပြင် ယူနတီဂျာနယ် အလုပ်အမှုဆောင်နှင့် သတင်းထောက် လေးဦးအား အမြန်ဆုံးခြွင်းချက်မရှိ လွတ်ပေးရန် စသည့်အချက်များပါဝင်သည်။
ဧရာဝတီ သတင်းဌာနမှ သတင်းတာဝန်ခံအယ်ဒီတာ ကိုရဲနည်က "ဒီလိုပေးပို့တယ်ဆိုတာက တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန် လေးစားတဲ့သဘောပါ။ တစ်စုံတစ်ခု ထူးခြားမှုရှိမယ် မရှိဘူးဆိုတာထက် သူတို့ကို အသိပေးတဲ့သဘောပါ။ လွန်ခဲ့တဲ့ နှစ်နှစ်က သတင်းထောက်တွေနဲ့ သမ္မတနဲ့ ပျော်ပျော်ကြီး ဓါတ်ပုံရိုက်ပြီး ရင်းနှီးခဲ့ကြဘူးတယ်။ အခုတော့ အဲ့ဒီတုန်းက ခြေနေတွေနဲ့ တစ်ခြားစီဖြစ်နေပြီ"ဟု ပြောသည်။
သတင်းမီဒီယာသမားများ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ မြန်မာနိုင်ငံအခြေစိုက် သတင်းမီဒီယာ သမားများအားလုံး ညီညွတ်တက်ကြွစွာ ပူးပေါင်း ရင်ဆိုင်ကြရန်လည်း ယင်းအိတ်ဖွင့်ပေးစာမှတစ်ဆင့် တိုက်တွန်း မေတ္တာရပ်ခံထားသည်။
အဆိုပါ အိတ်ဖွင့်ပေးစာအား သမ္မတထံ ပေးပို့ပြီး မိတ္တူကို ပြည်ထောင်စုလွှတ်တော်နာယ၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေး ကော်မတီ ဥက္ကဋ္ဌ တို့ထံပေးပို့မည်ဖြစ်သည်။
No comments:
Post a Comment