Friday, July 4, 2014

မန္တလေးမြို့ ပဋိပက္ခအတွင်း ဗုဒ္ဓဘာသာဝင် ၃ဦး အဖမ်းခံရ

ABC

မြန်မာနိုင်ငံရဲ့ ​ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့ ​မန္တလေးမြို့မှာ ​ပဋိပက္ခဖြစ်ပွားခဲ့ရာက ​ဗုဒ္ဓဘာသာဝင် ​သုံးဦး ​အဖမ်းခံရတယ်ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပြီး ​ပဋိပက္ခကြောင့် ​ဈေးဆိုင်နဲ့ ​အဆောက်အဦးတချို့ ​ပျက်စီးခဲ့ရပါတယ်။

မွတ်စလင်လူမျိုး ​လက်ဘက်ရည် ​ဆိုင်ပိုင်ရှင်တစ်ယောက်က ​ဗုဒ္ဓဘာသာ ​အမျိုးသမီးတစ်ဦးကို ​မုဒိမ်းကျင့်ခဲ့တယ်ဆိုတဲ့ ​ကောလဟာလသတင်းတွေ ​ထွက်ပေါ်ပြီးနောက် ​လူအယောက် ​၃၀၀ ​လောက် ​ချီတက်လာပြီး ​တိုက်ခိုက်မှုတွေ ​လုပ်ခဲ့ကြတာ ​ဖြစ်တယ်လို့ ​ဆိုပါတယ်။

တိုက်ခိုက်သူတွေထဲမှာ ​သံဃာတော်တချို့ပါဝင်တယ်လို့လည်း ​ကျိုဒိုးသတင်းမှာ ​ဖော်ပြထားပါတယ်။

ဝါးတုတ်တွေ၊ ​ကျောက်ခဲတွေ ​ကိုင်ဆောင်ထားတဲ့ ​ဗုဒ္ဓဘာသာဝင်တွေက ​အစ္စလာမ်ဘာသာဝင်တွေရဲ့ ​ဗလီတစ်ခုကို ​ဖျက်ဆီးဖို့ ​ကြိုးစားခဲ့ကြပါတယ်။

ဒါပေမဲ့ ​ကျောက်ခဲပစ်ပေါက်တဲ့ဒဏ်ကြောင့်သာ ​ပျက်စီးမှုအနည်းငယ် ​ဖြစ်ခဲ့ရတယ်လို့ ​ဆိုပါတယ်။ ​မွတ်စလင်တွေပိုင်ဆိုင်တဲ့ ​ဈေးဆိုင်တချို့ကိုလည်း ​ဖျက်ဆီးခဲ့ကြပြီး ​ကားတချို့ကိုလည်း ​မီးတင်ရှို့ခဲ့တဲ့အတွက်အဲဒီလူတွေကို ​ရဲတွေက ​ရာဘာကျဉ်ဆံနဲ့ ​လူစုခွဲခဲ့ရပါတယ်။

အဲဒီလို ​နှိမ်နင်းမှုအတွင်း ​ရဲတစ်ဦး ​ဒဏ်ရာရပြီး၊ ​ဗုဒ္ဓဘာသာဝင် ​သုံးဦးနဲ့ ​မွတ်စလင်တစ်ဦး ​ဒဏ်ရာရရှိခဲ့တယ်လို့ ​ရဲဌာနက ​ပြောပါတယ်။

အဲဒီ ​လက်ဘက်ရည်ဆိုင် ​တိုက်ခိုက်ခံရနိုင်တယ်ဆိုတဲ့ ​သတင်းတွေကို ​ကြိုရထားတဲ့အတွက် ​အဲဒီလက်ဖက်ရည်ဆိုင်ကို ​ရဲတွေက ​ကြိုတင်စောင့်ကြည့်မှုတွေ ​လုပ်ခဲ့တယ်လို့လည်း ​သိရပါတယ်။

ဒီမိုကရေစီအရေး ​လှုပ်ရှားမှုတွေအတွင်း ​ရဲတွေက ​ကြမ်းတမ်းစွာ ​နှိမ်နင်းမှုတွေ ​လုပ်ခဲ့ပေမယ့် ​လူမျိုးရေး၊ ​ဘာသာရေး ​ပဋိပက္ခတွေမှာ ​နှိမ်နင်းမှု ​မလုပ်နိုင်တဲ့အပေါ်လည်း ​ဝေဖန်ခံနေရပါတယ်။

မိတ္ထီလာမှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခတုန်းကလည်း ​မြန်မာရဲတွေက ​ဒီအတိုင်း ​ရပ်ကြည့်ခဲ့တဲ့ ​ဗီဒီယိုတွေကို ​ရိုက်တာသတင်းဌာနက ​ရရှိပြီးတဲ့နောက်ပိုင်း ​မွတ်စလင်တွေကို ​တိုက်ခိုက်ရာမှာ ​ရဲတွေကပါ ​ပါဝင်နေတယ်ဆိုပြီး ​လူ့အခွင့်အရေးအဖွဲ့တွေက ​ဝေဖန်ခဲ့ပါတယ်။

ဒါပေမဲ့ ​လာရှိုးမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခကိုတော့ ​အာဏာပိုင်တွေက ​မြန်မြန်ဆန်ဆန် ​ထိန်းသိမ်းနိုင်ခဲ့တယ်လို့လည်း ​ဆိုပါတယ်။

အဲ့ဒါအပြင် ​ရခိုင်ပြည်နယ် ​သံတွဲမြို့မှာ ​ဖြစ်ခဲ့တဲ့ ​ပဋိပက္ခအတွင်း ​မွတ်စလင်အိမ်ကို ​မီးတွေလိုက်ရှို့နေတဲ့ ​လူတွေကို ​ထပ်မလုပ်ဖို့ ​ရဲတွေက ​တားဆီးနိုင်ခဲ့တယ်လို့လည်း ​ဆိုပါတယ်။

No comments: