Sunday, July 13, 2014

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ရုပ်ရှင်၊ ဂီတ၊ သဘင် အစည်းအရုံးများမှ တာဝန်ရှိသူများ တွေ့ဆုံပါက လိုအပ်ချက်များ တောင်းဆိုမည်ဟုဆို

မြင့်မြင့်စိုး

နိုင်ငံတော် သမ္မတ ဦးသိန်းစိန် နှင့် ရုပ်ရှင်၊ ဂီတ၊သဘင် အနုပညာရှင်များ တွေ့ဆုံခြင်းကို ဇူလိုင် ၁၂ရက်တွင် ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေး လုပ်ငန်း ဗဟိုဌာနတွင် ပြုလုပ်သွားမည် ဖြစ်သည်ဟု ယင်းတွေ့ဆုံ ဆွေးနွေးပွဲကို တာဝန်ယူ ဆောင်ရွက်သူ ဦးသူရ (ခ) သရုပ်ဆောင် ဇာဂနာက မဇ္ဈိမကိုပြောသည်။

ယင်း တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ရုပ်ရှင်၊ ဂီတ၊သဘင် လောက သားတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး နိုင်ရန် အတွက် တွေ့ဆုံဆွေးနွေး ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။ ဆွေးနွေးပွဲတွင် တက်ရောက်ကြမည့် အစည်းအရုံးများမှ တာဝန်ရှိသူများသည် ၎င်းတို့ အနုပညာ လုပ်ငန်းများတွင် လိုအပ်နေသည်များကို ကဏ္ဍတစ်ခုစီ အလိုက် တောင်းဆို သွားကြမည်ဖြစ်သည်။

ယင်းသို့ တွေဆုံ ဆွေးနွေးရာတွင် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမှ ဥက္ကဌလူမင်း က ရုပ်ရှင်လောက သားများကိုယ်စား ရုပ်ရှင်ရုံများ ပြန်လည် ချထားပေးရေး ကိစ္စနှင့် ရုပ်ရှင် စတူဒီယိုများ တည်ဆောက်ရန် မြေနေရာကို သမ္မတ ထံတွင် တောင်းဆို ဆွေးနွေး သွားမည်ဖြစ်ပြီး ရုပ်ရှင်စတူဒီယိုများ တည်ဆောက်ခွင့် ရရှိ လာပါက ရုပ်ရှင် ရိုက်ကူးရာတွင် မီးအလင်းအမှောင် အချိန်အဆ မှန်ကန်စွာဖြင့် ဇာတ်လမ်းများကို အရည်အသွေးကောင်းကောင်းနှင့် ရိုက်ကူးနိုင်မည့် အချက်ကိမြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးလူမင်းက ထောက်ပြဆွေးနွေး သွားမည်ဖြစ်သည်။

ယင်းအပြင် မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) အနေနှင့် မူပိုင်ခွင့် ကိစ္စရပ်များနှင့် ခိုးကူးခွေ ကိစ္စရပ်များကို အဓိကထား တောင်းဆိုသွားရန် စီစဉ်ထားခြင်းဖြစ် သည်ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး(ဗဟို) ဥက္ကဌ ဦးတင်ဦးလေးက ပြောသည်။

"ဦးတို့ ဂီတအစည်းအရုံးကနေ ဥက္ကဌ၊ ဒုဥက္ကဌ၊ အတွင်းရေးမှူး၊ တွဲဘက်အတွင်းရေးမှူးများ တက်ရောက်ကြမယ်။ပြင်ပပညာရှင်အနေနဲ့ ကတော့ဇော်ပိုင် ၊စည်သူလွင်၊ကေတုဝင်းထွဋ်၊ သန်းမြတ်စိုး၊ တင်တင်မြ၊ ထား၊ ချောစုခင်၊ ဆုန်သင်းပါရ်နဲ့ အခြားဂီတ အနုပညာရှင်တွေ လည်းပါမယ်"ဟုမြန်မာနိုင်ငံ ဂီတအစည်းအရုံး ဥက္ကဋ္ဌ ဦးတင်ဦးလေးက မဇ္ဈိမကိုပြောသည်။

"ခေတ်နဲ့ မညီတော့တဲ့ ဥပဒေတွေကို တင်ပြမှာပါ။ ဒါကလည်း ဂီတအစည်အရုံးနဲ့ တာဝန်ရှိသူတွေ ၁၁ကြိမ်မြောက် ပြင်ဆင်ရေး ဆွဲထားတဲ့ဥပဒေတွေပါပဲ။ အဓိကက ဂီတလောကသားတွေ အတွက်ပဲ ပြောပေးတာပါ။ သမ္မတကြီးက ဘာလို့တွေ့ချင်တယ် ဆိုတာတော့ သေချာမသိပါဘူး။ဦးတို့ဘက်က တောင်းဆိုတာနဲ့ သူတို့လုပ်ပေးနိုင်တာဆိုရင် လုပ်ပေးမယ်လို့ ထင်ပါတယ်"ဟု ဂီတအစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး ဦး ဇော်ထူးအောင်က ထပ်မံပြောသည်။

ယင်းအပြင် မြန်မာနိုင်ငံ သဘင်ပညာရှင်များ အစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ပန်တျာ ဦးမြကြည် ကလည်း သဘင်ပညာရှင်များ ကိုယ်စား သမ္မတနှင့် တွေ့ဆုံရာတွင် သဘင် အစည်းအရုံး အဆောက်အအုံသစ် ဆောက်လုပ်ရန် အတွက် မြေနေရာ ကိစ္စနှင့် အမျိုးသားကဇာတ်ရုံ ကဲ့သို့ ဇာတ်ရုံများ ပြည်နယ်နှင့် တိုင်းများတွင် တစ်ခု စီ ဆောက်လုပ်ခွင့်ပြုရန် တောင်းဆို သွားမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ကိုသူရ(ခ) ဇာဂနာသည် သက်ဆိုင်ရာ အစည်းအရုံးများကို ဖုန်းဖြင့် ဇူလိုင်၈ရက်က အကြောင်းကြားပြီး ဇူလိုင် ၁ဝရက်တွင် ဖိတ်စာများ ပေးပို့ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့တွေ့ဆုံရာတွင် ရုပ်ရှင်၊ဂီတနှင့် သဘင် အစည်းအရုံးတို့မှ တစ်ဖွဲ့လျင် ၁ဝမိနစ်ခန့် သမ္မတက လက်ခံတွေ့ဆုံစကားပြော သွားမည်ဖြစ်သည်။

No comments: