ဝိုင်းအောင်၊ အေးမြင့်စန်း
ထောင်ဒဏ်တစ်နှစ်ကျခံနေရသည့် DVB သတင်းထောက် ကိုဇော်ဖေ၏ အယူခံကို မကွေးတိုင်း တရားလွှတ်တော် ခုံရုံးက ပြစ်ဒဏ်သုံးလသို့ ပြင်ဆင်လျှော့ပေါ့သည့်အမိန့် ဇူလိုင် ၃ရက်တွင် ထုတ်ပြန်လိုက်သည်။
ထို့ကြောင့် ဇူလိုင် ၆ ရက်တွင် ပြစ်ဒဏ်ကျခံနေရချိန် သုံးလ ပြည့်မည်ဖြစ်သော်လည်း ယင်းမှာ ရုံးပိတ်ရက် ဖြစ်သဖြင့် ဇူလိုင် ၄ရက်၌ပင် ကိုဇော်ဖေနှင့် အမှုတွဲပါ တစ်ဦး သရက်ထောင်မှ ပြန်လည် လွတ်မြောက်လာတော့မည်ဖြစ်သည်။ ၎င်းတို့ကို ထောင်ဒဏ်တစ်နှစ် ကျခံရန် ဧပြီ ၇ ရက်တွင် မကွေးမြို့နယ် တရားရုံးက အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် တရားရုံးအဆင့်ဆင့်သို့ အယူခံလွှာတင်သွင်းခဲ့ရာတွင် မကွေးတိုင်းတရားလွှတ်တော် အဆင့် ရောက်မှ ပြစ်ဒဏ်လျှော့ပေါ့ သက်သာခွင့် ရခဲ့သည်။
“ ကိုဇော်ဖေနဲ့ ကိုလှိုင်လှိုင်တို့ကို သရက်ထောင်သို့ သွားရောက် ခေါ်ကြမှာပါ" ဟု ၈၈ မျိုးဆက် ငြိမ်း/ပွင့် (မကွေး)အဖွဲ့ဝင်လည်းဖြစ် DVB မကွေးယာယီ သတင်းထောက်လည်း ဖြစ်သူ ကိုဌေးဝင်းက မဇ္ဈိမကိုပြောသည်။
DVBမြန်မာပိုင်းတာဝန်ခံ ဦးတိုးဇော်လတ်က “အစတည်းကလည်း စွဲချက်တင်ထားတဲ့ပြစ်မှုတွေကို ကိုဇော်ဖေကျုးလွန်ခဲ့ခြင်းမရှိပါဘူး။ အမှန်တရားအတိုင်း ပြစ်ဒဏ်လျော့ပေါ့ ပေးလိုက်တာကို ကြိုဆိုပါတယ်” ဟု မဇ္ဈိမကိုပြောသည်။
ပညာသင်ကြားရေးဆိုင်ရာ အငြင်းပွားမှုတစ်ခုတွင်း ပညာရေးရုံးသို့ ကျောင်းသားမိဘဖြစ်သူ ကိုဝင်းမြင့်လှိုင်နှင့် အတူ သွားရောက်၍ သတင်းရယူခဲ့သည့် DVBသတင်းထောက် ကိုဇော်ဖေကို မကွေးမြို့ ပညာရေးဌာနက တရားလိုပြုကာ ဝတ္တရားနှောက်ယှက်မှု ပုဒ်မ ၃၅၃၊ ပိုင်နက်ကျူးလွန်မှု ပုဒ်မ ၄၈၈တို့ဖြင့် ၂ဝ၁၂ခုနှစ်ကလည်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment