Monday, July 14, 2014

Master Sport ဖိနပ်စက်ရုံအလုပ်သမားများ ကိုရီယားသံရုံးရှေ့တွင် ဆန္ဒပြမည်

ခင်မြတ်မြတ်ဝေ

လှိုင်သာယာ စက်မှုဇုန် (၃)ရှိ Master Sport ဖိနပ်စက်ရုံ ပိတ်သိမ်းလိုက်သဖြင့် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမား ၈၃ဝက ကိုရီးယား သံရုံးရှေ့တွင် ဆန္ဒပြတောင်းဆိုရန် မြို့နယ်ငါးမြို့နယ်ကို ဇူလိုင် ၁၁ရက်က ခွင့်ပြုမိန့်တင်လိုက်ပြီဟု အလုပ်သမားခေါင်းဆောင် ကိုထွန်းထွန်းနိုင်က မဇ္ဈိမကို ပြောသည်။

" ဆန္ဒပြဖို့ ၅ရက် ကြိုတင်ရတယ်ဆိုတော့ ၁၆ရက်နေ့လောက်ပြဖြစ်မယ်။ လှိုင်သာယာစက်ရုံရှေ့ကနေ ကိုရီးယားသံရုံးအထိ လမ်းလျှောက်သွားမယ်ဟု" ကိုထွန်းထွန်းနိုင်က ပြောသည်။

ခွင့်ပြုမိန့်ကို လမ်းလျောက်ဆန္ဒပြရာတွင် ဖြတ်သန်းသွားမည့် လှိုင်သာယာမြို့နယ်၊ အင်းစိန်မြို့နယ်၊ လှိုင်မြို့နယ်၊ ကမာရွတ်မြို့နယ် ရဲစခန်းများနှင့် ကိုရီးယားသံရုံးရှိရာ ဗဟန်းမြို့နယ်တို့ကို ခွင့်ပြုမိန့် လျှောက်ထားထားခြင်း ဖြစ်သည်။

ဆန္ဒပြရာတွင် အလုပ်လက်မဲ့ဖြစ်သွားသည့် အလုပ်သမားများအနေဖြင့် ၎င်းတို့ အလုပ်ဆင်းခဲ့သည့် ဇွန်လ လစာ ပြန်ရရေးနှင့် နစ်နာကြေးများ ရရှိရေးအတွက် တောင်းဆိုသွားမည်ဖြစ်ပြီး အလုပ်ရှင်သည် ကိုရီးယား နိုင်ငံသားဖြစ်၍ ကိုရီးယား သံရုံးရှေ့တွင် ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဆိုသည်။

Master Sport ဖိနပ်စက်ရုံသည် ဆက်လက်လည်ပတ်ရန် ကုန်ကြမ်း မလုံလောက်တော့သဖြင့် စက်ရုံပိတ်သိမ်းမည်ဟု စက်ရုံတာဝန်ခံ ဒေါ်ခင်ထွေးက ဇွန်လ ၂၅ရက်က အလုပ်သမားများကို အသိပေးခဲ့သည်ဟု အလုပ်သမား ကိုကျော်စွာက ပြောသည်။

စက်ရုံတာဝန်ခံ ဒေါ်ခင်ထွေးကို မဇ္ဈိမက မေးမြန်းရန် အကြိမ်ကြိမ် ဖုန်းခေါ်ဆိုသော်လည်း ဖုန်းခေါ်မရပေ။

ထိုစက်ရုံမှ အလုပ်သမားများမှာ အခြေခံလစာ မှာ ၇သောင်းဝန်းကျင်ရရှိပြီး၊ All Superviser မှ Superviserအဆင့်ရှိ ဝန်ထမ်းများ၏ အခြေခံ လစာမှာ ၁သိန်း၎သောင်းမှ စ၍ ၁သိန်း၈သောင်း ဝန်းကျင်အထိရှိသည်။ စက်ပြင်ဝန်ထမ်းများမှာ ၁သိန်းခွဲရရှိသည်ဟု အလုပ်သမားများက ဆိုသည်။

ဇွန်လ ၃ဝရက်က အလုပ်သမား ခေါင်းဆောင်များနှင့် စက်ရုံမန်နေဂျာ မစ္စတာဂျောင်တို့ လှိုင်သာယာရှိ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ညှိနှိုင်းခဲ့ပြီး စက်ရုံပိုင်ရှင် တောင်ကိုရီးယား နိုင်ငံသားမှာ ပြည်ပသို့ ရောက်ရှိနေသဖြင့် အလုပ်သမားများ၏ လစာနှင့် နစ်နာကြေးကို ဇူလိုင် ၅ရက်မှ ၁ဝရက်အတွင်း ဖြေရှင်းပေးမည်ဟု မစ္စတာဂျောင်ကကတိပေးခဲ့သော်လည်း ယခုထိ ဖြေရှင်းမပေး၍ သံရုံးရှေ့တွင် ဆန္ဒပြခြင်း ဖြစ်သည်။

No comments:

Post a Comment