Mizzima
Master Sport ဖိနပ်စက်ရုံမှ အလုပ်သမားအချို့ကို အလုပ်သမားရေးရာ စီမံခန့်ခွဲရေး ဝန်ထမ်းများက ၁လစာပေးမည်ဟုဆိုကာ စာရွက်အလွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းခဲ့ပြီး ယင်းသို့ လုပ်ဆောင်ခြင်းက တရားမဝင် လှုပ်ရှားမှုဖြစ်သည်ဟု အလုပ်သမားရေးရာဆောင်ရွက်သူ ရှေ့နေ ဦးဌေးက မဇ္ဈိမသို့ပြောသည်။
"ဥပဒေကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုဖြစ်တယ်။ ဒီလိုလုပ်တာဟာ အလုပ်သမားတွေကို နစ်နာကြေး ရပိုင်ခွင့်တွေကို မပေးချင်လို့ တစ်ဘက်ကနေ လှုပ်ရှားတာ"ဟု ရှေ့နေ ဦးဌေးက ဆိုသည်။
ယင်းလုပ်ရပ်သည် အလုပ်သမားဥပဒေ ပုဒ်မ ၅ဝ၅ (ခ) (ဂ) ညိစွန်းသည်ဟုလည်း ၎င်းက ဆိုသည်။
စက်ရုံမှ အလုပ်သမား ၈ဝဝကျော်ထဲက ၃ဝဦးက စာရွက်အလွတ်ပေါ်တွင် လက်မှတ်ထိုးပေးခဲ့ပြီး ဖြစ်သော်လည်း ယနေ့အချိန်ထိ လစာ မရသေးဟု ဆိုသည်။
ယင်းစက်ရုံမှ အလုပ်သမား မအိအိအောင်က "ကျွန်မကို စနေ့နေက All Supervisor ဖုန်ဆက်တယ်။ လစာယူမယ်ဆို လက်မှတ်ထိုးပေးလို့ပြောတယ်။ လက်မှတ်ထိုးခိုင်တဲ့ စာရွက်မှာ ဘာတံဆိပ်မှလည်း မပါဘူး။ စာရွက်ပလိန်ကြီးပေါ်မှာ လက်မှတ်ထိုးခိုင်တယ်။ ကျွန်မတို့လည်း ကြောက်လို့ လက်မှတ်မထိုးခဲ့ဘူး"ဟု မဇ္ဈိမကို ပြောသည်။
စက်ရုံမှ လစာယူသည့် ဝန်ထမ်းများကို ဇူလိုင်လ ၁၂ရက်နှင့် ၁၃ရက်များတွင် လှိုင်သာယာမြို့နယ်၊ နဝဒေးလမ်းရှိ မဟာရန်ကုန် လက်ဖက်ရည်ဆိုင်၌ ချိန်းဆို၍ လစာယူဖြစ်ကြောင်း သဘောတူသည်ဟု လက်မှတ်ရေးထိုးခိုင်းခဲ့သည်ဟု မအိအိအောင်က ပြောသည်။
Mother Sport စက်ရုံမှ အလုပ်သမားများကို လုပ်ခလစာပေးမည်ဟူ၍ စာရွတ်လွတ်ပေါ်တွင် လက်မှတ်ထိုးခိုင်းခြင်းနှင့် ပတ်သက်၍ စက်ရုံမှတာဝန်ခံ ဒေါ်ခင်ထွေးကို ဆက်သွယ်မေးမြန်းရန် မဇ္ဈိမက ဖုန်းဖြင့် အကြိမ်ကြိမ် ဆက်သွယ်သော်လည်း ဖုန်းပြန်လည်ဖြေကြားခြင်း မရှိပေ။
လှိုင်သာယာ စက်မှုဇုန် (၃)ရှိ Master Sport ဖိနပ်စက်ရုံ ပိတ်သိမ်းလိုက်သဖြင့် အလုပ်လက်မဲ့ ဖြစ်သွားသည့် အလုပ်သမား ၈၃ဝက လစာငွေနှင့် နစ်နာကြေးများ ရရှိရန် ဇူလိုင်လ ၁၇ရက်၌ လှိုင်သာယာရှိ စက်ရုံရှေ့မှ ဗဟန်းမြို့နယ် တက္ကသိုလ်ရိပ်သာ လမ်းရှိ ကိုရီးယား သံရုံးရှေ့သို့ လမ်းလျောက်ကာ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုမည်ဖြစ်သည်။
အလုပ်ရှင်သည် ကိုရီးယား နိုင်ငံသားဖြစ်၍ ကိုရီးယား သံရုံးရှေ့တွင် ဆန္ဒပြရခြင်း ဖြစ်သည်ဟု ဆိုသည်။
No comments:
Post a Comment