Sunday, September 21, 2014

တောင်တက်သမား နှစ်ဦးကို ရှာဖွေရေးအဖွဲ့ ပူတာအိုမှ တောင်ပေါ် ပေ ၂၃,၀၀၀ အထိ ပျံသန်းရှာဖွေပြီ

ခင်မြတ်မြတ်ဝေ

ခါကာဘိုရာဇီ တောင်ပေါ်တွင် ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးကို ရှာဖွေရန် ကယ်ဆယ်ရေးအဖွဲ့သည် B3 ရဟတ်ယာဉ် တစ်စီးဖြင့် တောင်အမြင့်ပေ ၂၃,၀၀၀ အထိ ပျံသန်းရှာဖွေရန် ပူတာအိုမှ စက်တင်ဘာ ၂၀ ရက် နံနက် ၆ နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့် ထွက်သွားပြီဟု ဦးတေဇ၏ လူမှုကွန်ယက် စာမျက်နှာတွင် ဖော်ပြထားသည်။

"နံနက်ပိုင်း (၆) နာရီ၊ ၃၀ မိနစ်ကတည်းက ရဟာယာဉ်ပျံသန်းရေးအတွက် ကယ်ဆယ်ရေးအဖွဲ့သားများ ပြင်ဆင်နေခဲ့သည်။ သူတို့နှင့်အတူ အောက်ဆီဂျင် (၄) ဗူး နှင့်ဆက်စပ်ပစ္စည်းများ၊ တောင်တက်ပစ္စည်းများ ယူဆောင်သွားမည်"ဟု ထူးဖောင်ဒေးရှင်း၏ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။ ရဟတ်ယာဉ်များ အမြင့်ဆုံးပျံသန်းနိုင်ရန်သယ်ဆောင် မည့်အလေးချိန်ကို ဖြစ်နိုင်သမျှ လျော့ချထားခဲ့သည် ဟုဖော်ပြထားသည်။

လေကြောင်းမှ ရှာဖွေရေးအတွက် လေယာဉ်မှူးနှစ်ဦး၊ နီပေါလေယာဉ်မှူးနှစ်ဦးနှင့် အမေရိကန်တောင်တက်ကယ်ဆယ်ရေး သမားနှစ်ဦး၊ နီပေါကျွမ်းကျင်လမ်းပြ (Sherpas) နှစ်ဦးစုစုပေါင်း ၈ဦးပါဝင်မည်။

ပူတာအိုကယ်ဆယ်ရေးအဖွဲ့သည် B3 ရဟတ်ယာဉ် နှစ်စီးဖြင့် Base Camp သို့ ပျံသန်း၍ ခါကာဘိုရာဇီ တောင်ပေါ်တွင် ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို ရှာဖွေရန် ရာသီဥတုကောင်းမွန်ချိန်ကို စောင့်ဆိုင်းနေသည် ဆိုသည်။

ယင်းအပြင် ခါကာဘိုရာဇီတောင်ပေါ်တွင် ပျောက်ဆုံးနေသူနှစ်ဦး၏ အိတ်များနှင့် ပစ္စည်းအချို့ကို လမ်းခုလတ်တွင် တွေ့ခဲ့သည်ဟု စက်တင်ဘာ ၁၉ရက်က ဦးတေဇ၏ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။

"ပျောက်ဆုံးနေသော တောင်တက်သမား နှစ်ဦးရဲ့ ပစ္စည်းများကို တောင်ပေါ်မှာတွေ့တယ်ဆိုတာ သူတို့တက်ခဲ့တုန်းက အပြန်လမ်းခရီးမှာ သုံးဖို့အတွက် ထားခဲ့တယ်တဲ့ ပစ္စည်းတွေကိုတွေ့တာပါ" ဟု သဘာဝခေါ် သံဖောင်ဒေးရှင်းမှ ဥက္ကဋ္ဌ ဦးမျိုးသန့်က မဇ္ဈိမကို ပြောသည်။

အဆက်အသွယ် ပြတ်နေသော တောင်တက်သမားနှစ်ဦးကို ရှာဖွေကယ်ဆယ်ရန်အတွက် မြန်မာ့ ရေမြေသဘာဝကို သိရှိ၍ ဂမ်လမ်ရာဇီတောင်ထိပ်ကို အောင်မြင်စွာ တက်ရောက်ခဲ့ဖူးသည့် အမေရိကန်နိုင်ငံမှ ကယ်ဆယ်ရေး တောင်တက်အဖွဲ့ ခေါင်းဆောင် အန်ဒီတိုင်ဆန်နှင့် အဖွဲ့ဝင် တစ်ဦး၊ နီပေါနိုင်ငံမှ တောင်တက် ကယ်ဆယ်ခြင်း လုပ်ငန်းများကို ကျွမ်းကျင်သည့် ရဟတ်ယာဉ်မောင်း နှစ်ဦးနှင့် ဧဝရတ်တောင်ထိပ် တက်ရောက် သူများကို လမ်းပြပေးခဲ့သည့် ကျွမ်းကျင်တောင်တက်သမား နှစ်ဦး ပါဝင်သည်။

ပျောက်ဆုံးနေသည့် တောင်တက်သမား နှစ်ဦးနှင့်အတူ ခါကာဘိုရာဇီတောင်သို့ သွားရောက်ခဲ့သည့် သဘာဝခေါ်သံ ဖောင်ဒေးရှင်းမှ တောင်တက်သမား ၆ဦး နှင့်အတူ ပျောက်ဆုံးနေသူများ၏ မိသားစုဝင်များသည် Aisa Wing လေကြောင်းလိုင်းဖြင့် စက်တင်ဘာ ၁၉ရက် ည ၇နာရီ ၁၀ မိနစ်ခန့်က ရန်ကုန်သို့ ပြန်လည် ရောက်ရှိလာပြီဖြစ်သည်။

မြန်မာနိုင်ငံတွင်သာမက အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ခံရသည့် အမြင့်ပေ ၁၉၂၉၆ ပေရှိ ခါကာဘိုရာဇီ ရေခဲတောင်ကို သြဂုတ် ၃၀ ရက်က တက်ရောက်အောင်မြင်ခဲ့သူ နှစ်ဦး စက်တင်ဘာ ၉ ရက်တွင် တောင်ခြေသို့ ပြန်လည်ရောက်မလာဘဲ ဆက်သွယ်ရေး ပြတ်တောက်သွားသည်။

ဆက်သွယ်ရေးပြတ်တောက်နေသည့် တောင်တက်သမားနှစ်ဦးကို ထူးဖောင်ဒေးရှင်းက စက်တင်ဘာ ၁၀ ရက်မှ စတင်ကာ ရှာဖွေရေးလုပ်ငန်းများ ဆောင်ရွက်နေခြင်းဖြစ်သည်။

No comments:

Post a Comment