Thursday, September 18, 2014

မဟာမြိုင်တောအတွင်း မျိုးသုန်းလုနီး မျောက်လွှဲကျော်များကို သုတေသနလုပ်မည်

ဇာဏီထွဏ်း

ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး အန္တရာယ်နှင့် ရင်ဆိုင်နေရသော မျောက်လွှဲကျော်များ ကျက်စားရာ မဟာမြိုင်ဘေးမဲ့တော တွင်းမှ မျောက်လွှဲကျော်များ၏ ရွှေ့လျားနေထိုင်မှုများကို သုတေသနပြု လေ့လာမည်ဖြစ်သည်ဟု သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့ဖြစ်သည့် အင်ဒို-မြန်မာ ထိန်းသိမ်းရေး အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်အောင်က ပြောသည်။

ယင်းအဆိုပါပြု ဘေးမဲ့တော အစိတ်အပိုင်းများဖြစ်သော မဟာမြိုင်၊ အင်တိုင်းကုန်း၊ ပုလ္လင်၊ ဖုန်းသုန်းနှင့် နန့်စပက် စသည့် သစ်တောကြိုးဝိုင်းများမှ မျောက်လွှဲကျော်အများဆုံးနေထိုင်သည့် ကြိုးဝိုင်းသည် မည်သည့် ကြိုးဝိုင်း ဖြစ်သည်ကို သိရှိရန် ဦးစွာ ဆောင်ရွက်မည်ဟု ၎င်းက ဆိုသည်။

“သူတို့အကြောင်းကိုသိမှ သူတို့ကို ဘယ်လိုထိန်းသိမ်းလို့ရမလဲဆိုတာ သိမယ်လေ” ဟု ဦးမြင့်အောင်က ပြောသည်။

အဆိုပါ သုတေသန လုပ်ငန်းစဉ်ကို မြို့နယ်သစ်တောဦးစီးဌာနများ၊ အလောင်းတော်ကဿဖ ဘေးမဲ့တော အုပ်ချုပ်ရေးမှုးနှင့် အင်ဒို-မြန်မာ ထိန်းသိမ်းရေးအဖွဲ့ တို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

ယင်းသုတေသန လုပ်ငန်းစဉ်များအပြင် မဟာမြိုင်တောအတွင်းရှိ မျောက်လွှဲကျော်များ နေထိုင်နိုင်သည့် အပင်များပါဝင်ဖွဲ့စည်းမှု၊ ပေါက်ရောက်မှု၊ ပေါကြွယ်ဝမှုများ သုတေသနလုပ်ငန်း၊ မဟာမြိုင်တော၏ ရာသီဥတုအလိုက် ရုပ်သွင်ပြောင်းလဲမှု လေ့လာသည့် သုတေသနလုပ်ငန်းများကို ၂၀၁၄ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ သစ်တောဦးစီးဌာနနှင့် အင်ဒို-မြန်မာ ထိန်းသိမ်းရေးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။

ကမ္ဘာပေါ်တွင် အကောင်ရေ ၁၀,၀၀၀ မှ ၅၀,၀၀၀ အတွင်းသာရှိတော့သည့် မျောက်လွှဲကျော်များမှာ အဆိုပါ မဟာမြိုင်တောအတွင်းတွင် အကောင်ရေ လေးထောင်မှ ရှစ်ထောင်ကြားရှိနိုင်သည်ဟု ၂၀၀၄ - ၂၀၀၅ ခုနှစ် သစ်တောဦးစီးဌာနနှင့် သားငှက်တိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ထားသည့် သုတေသန စာရင်းများတွင် ဖော်ပြထားသည်။

No comments:

Post a Comment