ကိုတိုးကြီး
စစ်ကိုင်းတိုင်း၊ ကသာခရိုင်၊ ဗန်းမောက်မြို့နယ်၊ မံထုံကျေးရွာအုပ်စု၊ တာမကြိုင်ရွာတွင် ကာလ ဝမ်းလျောရောဂါကြောင့် ဒေသခံ (၄၁) ဦး စက်တင်ဘာ ၁၂ရက်က အရေးပေါ်ဆေးဝါးကုသမှု ခံယူနေရကြောင်း မံထုံကျေးလက်ကျန်းမာရေးဌာနရှိ ဝန်းထမ်းတစ်ဦးက မဇ္ဈိမကို ပြောသည်။
“တာမကြိုင် ဥပုသ်ဇရပ်မှာ ဥပုသ်သည်တွေက စုပေါင်းချက်ပြုတ်စားသောက်ကြတယ်။ အစားအစာ မသန့်ရှင်းမှုကြောင့် အခုလို ဝမ်းပျက်ဝမ်းလျောဂါ ဖြစ်ပွားခဲ့ရတာပါ” ဟု ၎င်းက ဆက်လက်၍ ပြောပြသည်။
ဝမ်းလျောရောဂါ ဖြစ်ပွားသူ များပြားသဖြင့် ကျေးရွာရှိ တာမကြိုင် စာကြည့်တိုက်ကို ယာယီဆေးခန်းဖွင့်ကာ ဗန်းမောက်မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက် ဆရာဝန် ဒေါက်တာစိန်လှိုင်ဝင်းနှင့် အဖွဲ့က ဆေးကုသပေးလျှက်ရှိသည်။ စက်တင်ဘာ ၁၃ရက် နံနက်ပိုင်းတွင် မုံရွာမြို့ ပြည်သူ့ဆေးရုံကြီး ပြင်ပလူနာဌာနသို့ ဝမ်းပျက်ဝမ်းလျောရောဂါ ဝေဒနာ ခံစားနေရသည့် ကလေးငယ်အချို့ ရောက်ရှိလာသည်ဟုလည်း သိရသည်။
တာမကြိုင်ကျေးရွာရှိ ကိုးလသားအရွယ် ကလေးငယ်တစ်ဦး အပါအဝင် အမျိုးသား ၁၄ ဦး၊ အမျိုးသမီး ၂၇ ဦး စုစုပေါင်း လူနာ ၄၁ ဦးကို ကျေးလက်ကျန်းမာရေးဌာနမှူးက အချိန်ပြည့် စောင့်ကြပ်ကုသပေးနေရသည်။
“ လူနာ ၄၁ ဦးအနက် ၁၁ဦးကိုတော့ ဆေးသွင်းပြီးကုသနေရပါတယ်။ မနေ့ကတော့ နောက်ထပ် လူနာ (၆) ဦးကို ဆေးသွင်းပြီး ကုပေးနေရပါတယ်.။ အသက်အန္တရာယ် မစိုးရိမ်ရပါဘူး” ဟု မံထုံကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်ထွန်းထံက ပြောသည်။
ဒေသတွင်း ၀မ်းပျက်၊ ၀မ်းလျောရောဂါများ ဆက်လက်၍ ပြန့်ပွားမှုမရှိစေရန် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့က ဆောင်ရွက်လျက်ရှိကြောင်း ဗန်းမောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ သိရှိရသည်
No comments:
Post a Comment