ABC
ရခိုင်ပြည်နယ် ပဋိပက္ခအတွင်း ဒုက္ခရောက်ခဲ့ရတဲ့ မွတ်စလင် အယောက် ၂၀၀ ကျော်ကို မြန်မာ အစိုးရက နိုင်ငံသားလက်မှတ် ထုတ်ပေးလိုက်တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။
အရင်တုန်းကတော့ ရခိုက်ပြည်နယ်အတွင်းက မွတ်စလင်အများစုဟာ နိုင်ငံသားအဖြစ် သတ်မှတ် မခံရတဲ့အတွက် တစ်ရွာနဲ့ တစ်ရွာကို သွားလာတဲ့အခါ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် ရယူခဲ့ရပေမယ့် အခုနောက်ပိုင်း မြန်မာနိုင်ငံသား စီစစ်ရေးလုပ်ငန်းမှာ မွတ်စလင် အယောက်ပေါင်း ၁၀၉၄ ယောက်က ပါဝင်ပြီး အာဏာပိုင်တွေက စီစစ်မှုလုပ်ရာမှာ ၂၀၉ ယောက်ကို ပထမသုတ်အနေနဲ့ နိုင်ငံသားအဖြစ် အသိအမှတ် ပြုတာ ဖြစ်ပါတယ်။
နိုင်ငံသားအဖြစ် အသိအမှတ်ပြုခံရသူ အယောက် ၂၀၀ ကျော်ထဲက တချို့ဟာ ကမန်မွတ်စလင်လူမျိုးတွေဖြစ်ပြီး တချို့ကတော့ ရိုဟင်ဂျာလူမျိုးအဖြစ် ခံယူထားသူတွေ ဖြစ်ပါတယ်။
ကမန်လူမျိုးတွေကိုတော့ မြန်မာနိုင်ငံရဲ့ ဌာနေတိုင်းရင်းသားအဖြစ် အစိုးရက အသိအမှတ်ပြုထားပါတယ်။
တချို့ရိုဟင်ဂျာလို့ ခံယူထားသူတွေကတော့ နိုင်ငံသား စီစစ်ရေးစီမံကိန်းမှာ ဝင်ပါဖို့ ငြင်းဆိုခဲ့ကြပြီး အကြောင်းရင်းကတော့ သူတို့ရဲ့ လူမျိုးနေရာမှာ ရိုဟင်ဂျာအစား ဘင်ဂါလီလို့ ထည့်မှာကို မလိုလားတဲ့အတွက် ဖြစ်တယ်လို့ ရိုဟင်ဂျာခေါင်းဆောင်ဖြစ်သူ ဦးအောင်ဝင်းက ရိုက်တာကို ပြောပါတယ်။
လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ ရိုဟင်ဂျာလို့ ခံယူလိုသူတွေကို ရိုဟင်ဂျာလို့သာ ခေါ်သင့်တယ်လို့ ပြောဆိုထားပေမယ့် တချို့ကတော့ နိုင်ငံသားမဲ့ ဖြစ်နေတဲ့ ပြဿနာက ပိုအရေးကြီးတဲ့အတွက် နိုင်ငံသားရရှိရေး ကိစ္စကို ဦးစားပေးဖြေရှင်းရမယ်လို့ ထင်ကြသူတွေလည်း ရှိပါတယ်။
ဘီဘီစီ သတင်းမှာတော့ မွတ်စလင် အယောက် ၂၀၀ ကို နိုင်ငံသားကဒ် ထုတ်ပေးတဲ့ ကိစ္စမှာ မကျေနပ်မှုတွေ ရှိတဲ့အတွက် အစီအစဉ် ပျက်ပြားသွားတယ်လို့ ဖော်ပြထားပါတယ်။

No comments:
Post a Comment