ထင်လင်းအောင်
ငွေကြေးမူဝါဒများကို ဖြေရှင်းရာတွင် အရေးကြီးသောကိစ္စရပ်များထက် မထိန်းချုပ်သင့်သည့် အခြေအနေ များကို ဗဟိုဘဏ်က ၀င်ရောက်ထိန်းချုပ်ပေးရန် တောင်းဆိုမှုများက အခက်အခဲဖြစ်စေသည်ဟု ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်က စီးပွားရေးလုပ်ငန်းရှင်များနှင့် မီဒီယာများကို ပြောသည်။
ပုဂ္ဂလိကဘဏ်များ၏ ငွေလွှဲခများကြီး မြင့်နေခြင်းနှင့် နိုင်ငံခြားငွေ အစွန်းအထင်းများကို ပုဂ္ဂလိကဘဏ်များက လက်ခံပေးစေလိုခြင်းကဲ့သို့ ဗဟိုဘဏ်က ဆောင်ရွက်ရန် မလိုသည့်တာဝန်များကို ပြည်တွင်းလုပ် ငန်းရှင်များနှင့် ပြည်သူများက တောင်းဆိုနေခြင်းနှင့် စပ်လျဉ်းကာ စက်တင်ဘာ ၁၄ ရက် က ကျင်းပသော Peninsula Press က ဦးစီး ကျင်းပမည့် မြန်မာရင်းနှီးမြှုပ်နှံမှု တွေ့ဆုံ ဆွေးနွေးပွဲဆိုင်ရာ သတင်းစာရှင်း လင်းပွဲတွင် ပြောသည်။
“ငွေလွှဲနှုန်းကိစ္စတွေနဲ့ နိုင်ငံခြားငွေအစွန်း အထင်းတွေကို ဘဏ်တွေက လက်ခံပေးဖို့ ဆိုတာက ဘဏ်တွေအချင်းချင်း ဈေးကွက်ယှဉ်ပြိုင်မှု မြင့်လာရင် အလိုလိုအဆင်ပြေသွားမယ့် ကိစ္စတွေ ဖြစ်တယ်။ ဗဟို ဘဏ်အနေနဲ့ ငွေကြေးမူဝါဒကို ဖြေရှင်းတဲ့နေရာမှာ မမြင်သာပေမယ့် တကယ်လိုအပ်တာတွေ ဦးစားပေး ဖို့လိုတယ်။ နိုင်ငံတကာမှာလည်း ဗဟိုဘဏ်အနေနဲ့ ဈေးကွက်ထဲမှာ ဒါကို လုပ်ကိုလုပ်ရမယ်ဆိုတဲ့ ပုံစံဝင် စွက်ဖက်လေ့မရှိပါဘူး” ဟု ဒု-ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောသည်။
ဗဟိုဘဏ်သည် ၂၀၁၃ ခုနှစ် ဗဟိုဘဏ် အဖွဲ့ဝင်များကို ပြန်လည်ဖွဲ့စည်းပြီးနောက် ငွေကြေးမူဝါဒ (Monetry Policy) ပိုင်း ပီပီပြင်ပြင်ဖြစ်လာစေရေးအတွက် ပုဂ္ဂလိကဘဏ် အချင်းချင်း ငွေချေးပေးနိုင်သော ( Inter-bank Landing Market) ဈေးကွက်ကို ဖော်ဆောင်ပေးခြင်း၊ ငွေလဲနှုန်းထိန်းညှိ ပေးခြင်းနှင့် ဘဏ်အတိုးနှုန်း ထိန်းညှိပေးခြင်းကဲ့သို့ မြင်သာရန် မလွယ်ကူသည့် အခြေအနေများကို ဖော်ဆောင်ပေးလျက် ရှိသည်ဟု ဆက်လက်ပြောသည်။
ကမ္ဘောဇဘဏ် အကြီးတန်းအကြံပေး (ဗဟိုဘဏ် ဒု-ဥက္ကဋ္ဌငြိမ်း) ဦးသန်းလွင်က “Inter-bank Landing Market ပီပြင်ပြီး တစ်ဘဏ်နဲ့ တစ်ဘဏ် ငွေချေးပေးလို့ရတယ်ဆိုတာက ဘဏ်အချင်းချင်း အထောက်အကူ အရမ်းဖြစ်စေတဲ့အချက်ပါ။ ပြည်သူတွေအတွက် လိုအပ်တဲ့ဝန်ဆောင်မှုတိုင်းကို ငွေမလုံလောက်တဲ့ ဘဏ်တွေကပါ အချင်းချင်း အကူအညီယူပြီး လုပ်သွားနိုင်တယ်။ ဒါကို ပီပြင်ကြီးထွားလာဖို့ပဲ လိုတာ” ဟု ပြောကြားသည်။
မြန်မာနိုင်ငံတွင် ဘဏ်စနစ်ကောင်းမွန်မှု အားနည်းကာ ဘဏ်လုပ်ငန်းအချင်းချင်း ယှဉ်ပြိုင်မှု အားနည်းနေသဖြင့် ငွေလွှဲခနှုန်း ထားကြီးမြင့်ခြင်း၊ ချေးငွေရယူရန် အခက်အခဲရှိခြင်းများ ရှိနေသဖြင့် ဘဏ်လုပ်ငန်း တိုးတက်လာရန် လိုအပ်နေလျက်ရှိသည်ဟု ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောနေခြင်းဖြစ်သည်။
လက်ရှိတွင် နိုင်ငံခြားငွေအစွန်းအထင်း များကို ပုဂ်္ဂလိကဘဏ်များက လက်ခံပေးရန် ဗဟိုဘဏ်က ညွှန်ကြားချက် ထုတ်ထားပြီး ဖြစ်သည်။ ငွေလွှဲနှုန်းအဖြစ် ယခင်က ကျပ် ၁၀၀ ကို ၁၅ ပြားကျသင့်ရာမှ အချို့ပြည် တွင်းဘဏ်များတွင် စက်တင်ဘာ ၁ ရက် နောက်ပိုင်းမှစတင်ကာ ကျပ် ၁၀၀ ကို ၁၀ ပြားနှုန်းသို့ လျှော့ချထားသည်။
No comments:
Post a Comment