မောင်မန်း
ပြည်တွင်းတွင် အင်တာနက်လိုင်း မြန်နှုန်းနှေးကွေးရခြင်းသည် ကေဘယ်ဆက်ကြောင်းများ မကြာခဏ ပြတ်တောက်ခြင်းကြောင့် သာမက ကွန်ရက်တည်ဆောက်ထားသည့် ပုံစံလိုအပ်မှုရှိခြင်းကြောင့်လည်း ဖြစ်သည်ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ပြည်ပဆက်သွယ်ရေးဌာန (အဝေးဆက်) က အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက မဇ္ဈိမကို ပြောသည်။
“ကွန်ရက်ဖြန့်ဖြူးတဲ့နေရာမှာ လိုအပ်နေတာတွေရှိတယ်။ အဲ့ဒါတွေကို ပြုပြင်ရမယ်။ ကွန်ရက် ကျပ်တာတွေကို ဖြေရှင်းဖို့လိုတယ်” ဟု ဦးစိုင်းစောလင်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အင်တာနက် သုံးရာ၌ နှေးကွေးနေရခြင်းမှာ ကွန်ရက် ဆက်သွယ်မှုတွင် အခက်အခဲများရှိနေခြင်းကြောင့် ဖြစ်ပြီး အင်အားထပ်မံဖြည့်တင်းရန် လိုအပ်သည်ဟု ဦးစိုင်းစောလင်းထွန်းက ဆိုသည်။
မြန်မာနိုင်ငံတွင် အင်တာနက်အသုံးပြုမှုကို ADSL ၊ ဖိုက်ဘာ နှင့် မိုဘိုင်းစသည့် သုံးစွဲမှုပုံစံများဖြင့် အသုံးပြုနေပြီး မိုဘိုင်းမှတစ်ဆင့် အင်တာနက်အသုံးပြုမှုကို အဓိကထားသုံးစွဲနေသည်။ ၂၀၁၄ ဇူလိုင်လကုန် စစ်တမ်းအရ ချထားပေးပြီး မိုဘိုင်းဖုန်း ၉ ဒသမ ၄၅ သန်းရှိပြီး အားလုံးနီးပါး အင်တာနက်အသုံးပြုနေသည်ဟု မြန်မာ့ဆက်သွယ်ရေး၏ မိုဘိုင်းအင်ဂျင်နီယာချုပ်က ဆိုသည်။
အဆိုပါစာရင်းတွင် စက်တင်ဘာလအတွက် ချထားပေးသည့် WCDMA ဆင်းမ်ကတ် ၉ သိန်း ထပ်မံ ပေါင်းထည့်ပါက ၁၀ ဒသမ ၃၅ သန်းရှိမည်ဖြစ်သည်။
ဆက်သွယ်ရေး၏ ကွန်ရက်တည်ဆောက်ထားမှု အခြေအနေအပေါ် မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်း အလုပ်အမှုဆောင် ဦးဇော်ဝင်းထွန်းက “ လက်ရှိကွန်ရက်က တည်ငြိမ်မှုတော့မရှိဘူး။ လိုအပ်တာတွေ ထပ်ထည့်ပြီး ပိုကောင်းလာအောင် လုပ်ဖို့လိုအပ်တယ်။ လက်ရှိအနေအထားက ကျေနပ်လောက်စရာတော့ မရှိပါဘူး” ဟု သုံးသပ်သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းပြည်ပ အော်ပရေတာ လေးခုက အပြိုင် ဝန်ဆောင်မှုပေးရန် ဆောင်ရွက်လျက်ရှိပြီး လက်ရှိဈေးကွက်တွင် ပြည်တွင်းအော်ပရေတာ မြန်မာ့ဆက်သွယ်ရေး(MPT) နှင့် အူးရီးဒူးတို့ ဝန်ဆောင်မှု ပေးလျက်ရှိနေသည်။
မြန်မာ့ဆက်သွယ်ရေးအနေဖြင့် KDDI ၊ SUMITOMO ကော်ပိုရေးရှင်း နှင့် ပူးပေါင်းပြီးနောက် ဂျပန်နည်းပညာဖြင့် ကွန်ရက်တည်ဆောက်ပုံများကို ပြန်လည်ပြင်ဆင်ဆောင်ရွက်သွားမည်ဟု မြန်မာ့ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဌာန အင်ဂျင်နီယာချုပ် ဦးမျိုးဆွေက မဇ္ဈိမ၏ ဆက်သွယ်မေးမြန်းမှုကို ဖြေကြားထားသေးသည်။
No comments:
Post a Comment