Monday, September 15, 2014

ဓမ္မစေတီခေါင်းလောင်းကြီး တွေ့ပြီဟု မပြောခဲ့ကြောင်း နတ်စင်တရာ ဆရာတော်ပြော

DVB

ဓမ္မစေတီခေါင်းလောင်းကြီးရှာတွေ့ပြီလို့ ဘယ်တုန်းကမှ မပြောခဲ့ကြောင်း၊ သတင်းစာအချို့ဖော်ပြချက်တွေဟာ သူပြောကြားခဲ့တာ မဟုတ်ကြောင်း သန်လျင်မြို့ နတ်စင်တရာဆရာတော်က စက်တင်ဘာ ၁၄ ရက်နေ့မှာ မိန့်ကြားလိုက်ပါတယ်။

ဦးစံလင်းနဲ့ပေါင်းပြီး လိမ်နေကြောင်း သတင်းထွက်လာ တဲ့အတွက် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး ရှင်းလင်းတာလို့ ဆရာတော်က မိန့်ပါတယ်။

ခေါင်းလောင်းဆယ်ယူဖို့ ကိစ္စခွင့်ပြုရာမှာ တိုင်းဒေသကြီးအစိုးရက ရက်ကန့်သတ်ချက်မပေးထားတာကြောင့် ဆက်လက်ရှာဖွေသွားမယ်လို့ ဆိုပါတယ်။

ဓမ္မစေတီ ခေါင်းလောင်း ရှာတွေ့ပြီလို့ ဦးစံလင်းက သြဂုတ် ၂၆ ရက်နေ့က သတင်းထုတ်ပြန်ခဲ့တာ မှားယွင်းပြီး ခေါင်းလောင်းမဟုတ်ဘဲ သံထည်ပစ္စည်း တခုသာ ဖြစ်ကြောင်း ခေါင်းလောင်းဆယ်ယူရေး အထောက်အကူအပြုအဖွဲ့ဝင် ဦးကြည်ဝင်းက ပြောပါတယ်။

ခေါင်းလောင်းဆယ်ယူဖို့အတွက် ရရှိထားတဲ့ အလှူငွေတွေကို တပြားတချပ်မှ မသုံးစွဲရသေးဘဲ ဦးစံလင်းပိုင်ငွေထဲကသာ သုံးစွဲနေတာဖြစ်ပြီး လက်ရှိအချိန်အထိ သိန်း ၇၀၀ သုံးစွဲပြီးဖြစ်ကြောင်း၊ သုံးစွဲငွေတွေကို အသေးစိတ်စာရင်းပြုစုထားတယ်လို့ ခေါင်းလောင်းရှာဖွေရေးအဖွဲ့ ဘဏ္ဍာရေးမှူးက ပြောပါတယ်။

လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀ ကျော်က နစ်မြုပ်ခဲ့တဲ့ ဓမ္မစေတီခေါင်းလောင်းကြီးကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရရဲ့ ခွင့်ပြုချက်နဲ့ သြဂုတ် ၉ ရက်နေ့က စတင်ရှာဖွေနေတာ ၁ လကျော် ကြာလာပြီ ဖြစ်ပေမယ့် ထူးခြားမှုတွေ မရှိသေးပါဘူး။

ဓမ္မစေတီ ခေါင်းလောင်းကြီးကို ပေါ်တူဂီလူမျိုး ငစင်ကာက လက်နက်လုပ်ဖို့အတွက် ယခင် ဒဂုံ (ယခု ရန်ကုန်) ဘက်ကမ်းမှ သံလျင်ဘက်ကို ရန်ကုန် မြစ်ကြောင်းက တဆင့် သယ်ယူစဉ် နစ်မြစ်ခဲ့တယ်ဆိုတဲ့ ရေးသားဖော်ပြချက်တွေဟာ ပါးစပ်ရာဇဝင်တွေက တဆင့် ဖြစ် ပေါ်ခဲ့တာကြောင့် အထောက်အထား ခိုင်လုံမှု မရှိဘူးလို့ သမိုင်းပညာရှင်တွေ၊ သုတေသီတွေက ထောက်ပြ ပြောဆိုထားပါတယ်။

No comments: