Monday, September 22, 2014

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ မြန်မာပြည်သူများ အထူးပါဝင်ဆင်နွှဲ

Mizzima

ငြိမ်းချမ်းရေးဆာတယ် နှစ်ခြောက်ဆယ်

စက်တင်ဘာ ၂၁ တွင် ကျရောက်သည့် ကုလသမဂ်္ဂ အသိအမှတ်ပြု နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို နိုင်ငံတော်သမ္မတမှစ၍ နိုင်ငံရေးသမားများနှင့် တက်ကြွလှုပ်ရှားသူများအပြင် အမျိုးသမီးများ၊ အနုပညာရှင်များ နှင့် လူငယ်များပါ ပါဝင်ပြီး ပြည်သူတစ်ရပ်လုံးက ပုံစံအမျိုးမျိုးဖြင့် ပါဝင်ဆင်နွှဲခဲ့ကြသည်။

ယခုနှစ် နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ဆောင်ပုဒ်မှာ The Right of Peoples to Peace “ငြိမ်းချမ်းရေးသည် လူသားအားလုံး ရရှိခံစားသင့်သည့် လူ့အခွင့်အရေးတစ်ရပ်” ဖြစ်ပြီး သမ္မတဦးသိန်းစိန် ကိုယ်တိုင်ပင်၎င်း၏ သဝဏ်လွှာတွင် လူတိုင်းခံစားခွင့်ရှိသည့် ငြိမ်းချမ်းရေးဟု ထည့်သွင်းဖော်ပြထားသည်။

မငြိမ်းချမ်းသေးသည့် မြန်မာပြည် ၁၉၄၈ လွတ်လပ်ရေးရသည့်နှစ်မှ စ၍ ယနေ့ကာလအထိ နှစ်ပေါင်း ၆၀ ကျော် မငြိမ်းချမ်းသေးသည့် မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးမှာ အထူးအရေးကြီးသော်လည်း ငြိမ်းချမ်းရေးနှင့် ပတ်သက်ပြီး အမြင်ကွဲများ ရှိနေကြသည်။

အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက မျက်မှောက် ငြိမ်းချမ်းရေး ဆောင်ရွက်မှုများကို အကောင်းမြင်သူ ဖြစ်သည်။ “ငြိမ်းချမ်းရေးကတော့ အကောင်းဘက်ကို ရွေ့နေပါတယ်။ နိုင်ငံရေး ယုံကြည်ချက်နဲ့ အပစ်ရပ်ရေးကို လက်မှတ်အမြန်ဆုံး ထိုးနိုင်ဖို့လိုတယ်” ဟု ၎င်းက ပြောသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ပါတီဥက္ကဋ္ဌ ခွန်ထွန်းဦးကမူ အားမရသေးဟု ပြောသည်။ “ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး တိုင်းရင်းသားနဲ့အစိုးရ နှစ်ဖက်ဆွေးနွေးနေပေမယ့် အခြေအနေမကောင်း သေးပါဘူး။ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး အများကြီး လိုအပ်နေသေးပါတယ်” ဟု ခွန်ထွန်းဦးက သုံးသပ်သည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် များမှာလည်း ငြိမ်းချမ်းရေးအတွက် ပထမအဆင့် တစ်နိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေး ကြိုးပမ်းနေကြရာ စက်တင်ဘာ ၂၂ မှစပြီး အပစ်ရပ်သဘောတူ မူကြမ်း အပြီးသတ်နိုင်ရေး စည်းဝေးဆွေးနွေးကြမည်ဖြစ်သည်။

အမျိုးသမီးတွေရဲ့ ငြိမ်းချမ်းရေး

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) နှင့် အမျိုးသမီးအဖွဲ့များကွန်ရက် (မြန်မာ) WLB တို့ ပူးပေါင်းဦး ဆောင်ပြီး ရန်ကုန်မြို့၊ ပုလဲကွန်ဒိုရှေ့မှ ကန်တော်ကြီး၊ မျှော်စင်ကျွန်းသို့ ငြိမ်းချမ်းရေးလမ်းလျှောက် ချီတက်ပွဲတွင် အမျိုးသမီးဦးရေ ၃၀၀ ကျော်က ငြိမ်းချမ်းရေးကိုယ်စားပြု အပြာ ရောင်တီရှပ်များကို ၀တ်ဆင်ခဲ့ကြသည်။

လမ်းလျှောက် ချီတက်ရင်း “နူးညံ့သော လက်တွေ့ငြိမ်းချမ်းရေးအတွက် ပူးပေါင်းစေ၊ တစ်နိုင်ငံလုံး ငြိမ်းချမ်းဖို့ တို့တွေ အားလုံးညီညွတ်စို့၊ ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ အမျိုးသမီးများ အားဖြင့် ဆောင်ရွက်စို့” အစရှိသည့် ဆောင်ပုဒ်များ ကိုင်ဆောင်၍ ကြွေးကြော်ခဲ့ကြသည်။

မျှော်စင်ကျွန်းရောက် အမျိုးသမီးအဖွဲ့အစည်းများက ငြိမ်းချမ်းရေးနေ့အတွက် ငြိမ်းချမ်းရေးသီချင်း သီဆိုခြင်း၊ သရုပ်ဖော် ပြကွက်များ ပြုလုပ်ခြင်း၊ တိုင်းရင်းသား အကများဖြင့် ကပြဖျော်ဖြေခြင်း၊ ကဗျာများရွတ် ဆိုခြင်းတို့ကို ညနေ ၄ နာရီခန့်အထိ ပြုလုပ်ခဲ့ကြသည်။

ကရင်နီအမျိုးသမီး အဖွဲ့အစည်းများက ကဗျာရွတ်ခြင်း၊ သီချင်းဆိုခြင်းနှင့် ရှမ်းတောင်ပိုင်းမှ အမျိုးသမီးများ အပါအ၀င် အကများဖြင့် ဖျော်ဖြေခဲ့သည်။

အမျိုးသမီးများ စုစည်းညီညွတ်စွာဖြင့် ငြိမ်းချမ်းရေးအတွက် ပူးပေါင်းလုပ်ဆောင်နိုင်ခဲ့ခြင်းကို အစိုးရရော လူထုပါ စိတ်ဝင်စားမည်ဖြစ်ကြောင်း မိတ္ထီလာမြို့ ပြည်သူ့အကျိုးဆောင်ကွန်ရက် တာဝန်ခံ ဒေါ်မြင့်မြင့်အေး က ပြောသည်။

“အမျိုးသမီးတွေရဲ့ စည်းလုံးမှုကိုကြည့်ပြီးတော့ အမျိုးသမီးတွေအတွက် တောင်းဆိုတဲ့ကိစ္စတွေကို ပိုမိုလိုက် လျောလာနိုင်တယ်။ လိုချင်တဲ့ အခွင့်အရေးကိုလည်း ပိုပြီးတောင်းဆိုရတာ လွယ်ကူတယ်” ဟု ၎င်းက ပြောသည်။

“အမျိုးသမီးတွေ ငြိမ်းချမ်းရေးအတွက် တောင်းဆိုနေကြတယ်ဆိုတာ လူထုက သိသွားတာပေါ့။ ငြိမ်းချမ်း ရေးမှာ အမျိုးသမီး တွေပါဝင်မှုရှိလားဆိုရင် အစိုးရဘက်ညှိ နှိုင်းတာတွေမှာ လုံးဝမရှိသေးပါဘူး” ဟု ကရင် ငြိမ်းချမ်းရေး ထောက်ကူပြုကွန်ရက်မှ နော်စူဇန်နာလှလှစိုးက ပြောသည်။ အမျိုးသမီးများနှင့်အတူ ပါဝင် လမ်းလျှောက်ခဲ့သူ လိင်တူချစ်သူ တင်ကိုကိုကလည်း ငြိမ်းချမ်းရေးနှင့် ၎င်းအမြင်ကို မဇ္ဈိမကို ပြောခဲ့သည်။

“ငြိမ်းချမ်းရေးဆိုတာ လူတိုင်းနဲ့ သက်ဆိုင်လို့ အခုလို ပူးပေါင်းပါဝင်တာပါ။ အမျိုးသမီးလို ဝတ်စားဆင်ယင် ရတာကို နှစ်သက်တဲ့သူတွေလည်း တန်းတူအခွင့် အရေးတွေရရှိလာဖို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ပြော သည်။

တီရှပ်အပြာဝတ် အမျိုးသမီးများ၏ ငြိမ်းချမ်းရေး လမ်းလျှောက်ပွဲတွင် နိုင်ငံခြား သူအမျိုးသမီးများပါ ပါဝင် ဆင်နွှဲခဲ့ကြသည်။

ငြိမ်းချမ်းရေးနှင့် လူငယ်

နိုင်ငံတကာငြိမ်းချမ်းရေးနေ့တွင် ပါဝင်ဆင်နွှဲသည့် လူငယ်များက “ငြိမ်းချမ်းရေး ရှိရေး၊ တစ်နိုင်ငံလုံး အမုန်း များရပ်” ဆိုသည့် ကြွေးကြော်သံများ ကြွေးကြော်သည်။

မဟာဗန္ဓုလပန်းခြံတွင်လည်း လူငယ်များက ကဗျာရွတ်သူရွတ်၊ ခံစားသူက ခံစားနှင့် ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြု ခဲ့ကြသည်။ စက်တင်ဘာ ၂၁ ငြိမ်းချမ်းရေး လှုပ်ရှားမှုများက စက်တင်ဘာ ၂၂ တွင် စတင် ဆွေးနွေးမည့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲကို တစ်စုံတစ်ရာ သက်ရောက်မှုရှိမည်ဟု လူငယ်ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုသက်ဆွေဝင်း က ပြောသည်။

လမ်းလျှောက်ရာတွင် ရန်ကုန်မြို့၊ လှည်းတန်းမှ မြေနီကုန်းအထိ ယာဉ်ထိန်းရဲများက လမ်းရှင်းပေးခဲ့ပြီး၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင်မူ ယာဉ်ထိန်းရဲမရှိ၍ လမ်းကြောပိတ်ဆို့မှု ဖြစ်ခဲ့သည်။

ယမန်နေ့ကလည်း နိုင်ငံတကာငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် လူငယ်နှင့်လူမှုဝန်းကျင် သဟဇာတ ဖြစ်မှုစင်တာမှ လူငယ်များ ဦးဆောင်၍ လူသားမေတ္တာ ငြိမ်းချမ်းသောကမ္ဘာပွဲကို ကျင်းပခဲ့ပြီး၊ နာမည် ကျော် ကဗျာဆရာ သစ္စာနီနှင့် ကဗျာဆရာများက ကဗျာရွတ်ခြင်း၊ လူငယ်များက ငြိမ်းချမ်းရေးနှင့်ဆက် သော သီချင်းများ သီဆိုကြခြင်း၊ ငြိမ်းချမ်းရေးနေ့ အထူးထုတ် ကဗျာဆရာမှူးသစ် စီစဉ်တည်းဖြတ် ထုတ် ဝေထားသော စာအုပ်လက်ဆောင်ပေးခြင်းများကို ဆောင်ရွက်ခဲ့သည်။

စာရေးဆရာ၊ ကဗျာဆရာတွေရဲ့ ငြိမ်းချမ်းရေး

ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ နိုင်ငံတကာငြိမ်းချမ်းရေး နေ့အထိမ်းအမှတ် အဖြစ် Pen Myanmar က ဦးစီး၍ ဝတ္ထု၊ ကဗျာပြိုင်ပွဲကျင်းပခဲ့ပြီး ပြိုင်ပွဲနှစ်မျိုးလုံးတွင် ပထမ၊ ဒုတိယ၊ တတိ ယဆုနှင့် နှစ်သိမ့်ဆု နှစ်ဆု ချီးမြှင့်သည်။

ကဗျာချစ်သူများအသင်း (PLA) က လည်း လူအင်အား ၂၅ ယောက်ဖြင့် မဟာဗန္ဓုလပန်းခြံ၊ ယုဇနပလာဇာ ၊ ပြည်သူ့ ဥယျာဉ်၊ မြေနီကုန်းတို့တွင် ကားဖြင့်ငြိမ်း ချမ်းရေးကဗျာများ လိုက်လံရွတ်ဆိုကြသည်။

ငြိမ်းချမ်းရေးအတွက် အမုန်းတရားများ မပြန့်ပွားရန် ပန်းစကားအဖွဲ့ကလည်း ပါဖောမင့် ပြုလုပ်ခဲ့ကြသည်။

“နှစ်ကြာရှည်စွာဖြစ်ခဲ့တဲ့ ပဋိပက္ခတွေက ငြိမ်းချမ်းရေးဆောင်ရွက်ဖို့ ခက်ခဲမှာပါ။ ဒါပေမဲ့ နောင်လာနောင် သားတွေရဲ့ မျက်နှာကိုထောက်ထားပြီး ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ပေးစေချင်ပါတယ်” ဟု Myanmar ICT For Development Organization – MIDO၏ အမှုဆောင် ဒါရိုက်တာ ကိုနေဘုန်းလတ် က ပြောသည်။

ကဗျာချစ်သူများအသင်းမှ ကဗျာဆရာ မောင်ဆောင်းခကလည်း “အခုဆိုရင် ငြိမ်းချမ်းရေး ဘာဆိုတာကိုသိ သွားနိုင်ပါတယ်” ဟု ပြောသည်။

ငြိမ်းချမ်းရေး ဘောလုံးပွဲ

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အောင်ဆန်းအားကစားကွင်း၌ နိုင်ငံရေးအကျဉ်း သားဟောင်း အသင်းနှင့် အနုပညာရှင်အသင်းတို့ ငြိမ်းချမ်းရေးဘောလုံးပွဲ ယှဉ်ပြိုင်ကစားခဲ့ကြရာ ငြိမ်းချမ်း ရေးလိုလားသူ ပြည်သူထောင်နှင့် ချီက ကြည့်ရှုအားပေးခဲ့ကြသည်။

နိုင်ငံရေး အကျဉ်းသားဟောင်းများဖြင့် ဖွဲ့စည်းထားသော “ချစ်ကြပါ” ဘောလုံး အသင်းနှင့် အနုပညာရှင် များဖြင့် ဖွဲ့စည်းထားသော “အမုန်းများရပ်” ဘောလုံး အသင်းတို့ကစားကြရာ ချစ်ကြပါအသင်းက အမုန်းများရပ် အသင်းကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အနုပညာရှင်များအသင်းမှ လူမင်း၊ ရာဇာနေ၀င်း၊ လင်းလင်း၊ ဟက်ကက်၊ ကျော်ကျော်ဗို စသူတို့ ပါဝင်က စားခဲ့ကြပြီး၊ နိုင်ငံရေးအကျဉ်းသားများဘက်က ကိုမြအေး၊ ကိုဂျင်မီ၊ ကိုပြုံးချိုစသူတို့ ပါဝင် ကစားခဲ့ကြ သည်။

ရန်ကုန်မြို့၊ လှည်းတန်းနှင့် သင်္ဃန်းကျွန်းမှ စတင်ထွက်သည့် ငြိမ်းချမ်းရေးလိုလားသည့် အဖွဲ့နှစ်ဖွဲ့ပေါင်း လူ ၁,၀၀၀ ခန့်ကလည်း အောင်ဆန်းကွင်းသို့ စောစောပိုင်းက ရောက်ရှိခဲ့ကြသည်။

ရန်ကုန်အလွန်က ငြိမ်းချမ်းရေးပွဲများ

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ကို ရန်ကုန်မြို့တော်တွင်သာမက တောင်ကြီး၊ ပုသိမ်နှင့် အခြားမြို့များတွင် လည်း ကျင်းပခဲ့ကြသည်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ ရန်ကင်းသာ ရပ်ကွက်တွင် ငြိမ်းချမ်းရေးနေ့ လှုပ်ရှားမှုအဖြစ် ငြိမ်းချမ်းရေး အဓိပ္ပာယ်ပါ ဗီနိုင်းများ ကိုင်ဆောင်ကြသလို ဂစ်တာတီးပြီး ငြိမ်းချမ်းရေးသီချင်းများ သီဆိုခဲ့ကြသည်။

ရှမ်းပြည်နယ် တောင်ပိုင်းအတွင်းရှိ လူငယ်အဖွဲ့အစည်း (၁၆) ဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ရှမ်းတောင်လူ ငယ်ကွန်ရက် ကလည်း တောင်ကြီးမြို့တွင် ငြိမ်းချမ်းရေး လှုပ်ရှားမှုကို ဆောင်ရွက်ကြသည်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းမှု မရှိသေးဘူး။ မငြိမ်းချမ်းတာကို မလိုလားလို့ ဒီလှုပ်ရှားမှုကို ပြုလုပ်တာပါ”ဟု ရှမ်းတောင် လူငယ်ကွန်ရက်မှအဖွဲ့ဝင် လူငယ် ခွန်ခေတ်စံက မဇ္ဈိမကို ပြောသည်။

ရှမ်းတောင် လူငယ်ကွန်ရက်က ထုတ်ပြန်သည့် ငြိမ်းချမ်းရေး သ၀ဏ်လွာတွင် မြန်မာတစ်နိုင်ငံလုံးရှိ လူထု မှ စစ်ပွဲကို မလိုလားဘဲ တိုင်းရင်းသားအချင်းချင်း စည်းရုံးစွာနေထိုင်လိုသည်ဟု ဖော်ပြထားသည်။

ကွန်ရက်ဝင်နှင့် လူငယ်များ စုပေါင်း၍လည်း ပြည်တွင်းစစ်၊ အလင်းတစ်စက်နှင့် ဒို့ရဲ့လက်တွေနဲ့ သီချင်း များကို သီဆိုကြပြီး၊ ငြိမ်းချမ်းရေးကဗျာ သ၀ဏ်လွှာများကို ဖတ်ကြားကြကာ လောကချမ်းသာ စူဠာမုနိ ဘုရားတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆုတောင်းခဲ့ကြသည်။

လက်ရှိနိုင်ငံရေး အကျပ်အတည်းများကို လေးပွင့်ဆိုင် တွေ့ဆုံဖြေရှင်းပေးရန် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တပ်ရင်း ၂၀၇ ရဲဘော်ဟောင်း ကိုဇော်မြင့်(ခ)ဇော်ကြီးက ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် နေပြည်တော်ကောင်စီ ပျဉ်းမနားမြို့တွင် လမ်းလျှောက်ကာ တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒပြချိန် ၁၅ မိနစ်ဝန်းကျင်အတွင်း ပျဉ်းမနားမြို့မရဲစခန်း တာဝန်ရှိသူများက ခွင့်ပြုချက်မရရှိဘဲ ဆန္ဒထုတ် ဖော်ခဲ့သည့်အတွက် ကိုဇော်မြင့်ကို ထိန်းသိမ်းခဲ့သည်။

သမ္မတနှင့် ရေရှည်ငြိမ်းချမ်းရေး

သမ္မတဦးသိန်းစိန်၏ ငြိမ်းချမ်းရေး သ၀ဏ်လွှာတွင် ရေရှည်ငြိမ်းချမ်းရေးကို ဖော်ညွှန်းထားသည်။

“လူ့အဖွဲ့အစည်းအတွင်း၌ မတူကွဲပြားသော ကြန်အင်လက္ခဏာများ၊ အတွေးအခေါ်များနှင့် အယူဝါဒများကို အပြန် အလှန်နားလည်လက်ခံပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်သော သဟဇာတဖြစ်မှု မျိုးသည်သာ လျှင် ရေရှည်တည်တံ့မည့် ငြိမ်းချမ်းရေး” ဟု သမ္မတက ငြိမ်းချမ်းရေးကို ပုံဖော်ထားသည်။

သမ္မတဦးသိန်းစိန်အစိုးရ သက်တမ်းအတွင်း ၂၀၁၂ က ရခိုင်ပြည်နယ်တွင် လူအုပ်စုနှစ်ခုကြား ပဋိပက္ခများ ဖြစ်ပွားခြင်းမှသည် ယခုနှစ်အထိ မန္တလေးတွင် ပဋိပက္ခများ ထပ်မံဖြစ်ပွားခဲ့သည်။

ပဋိပက္ခများကြောင့် နှစ်ပေါင်းများစွာ အတူနေ ပြည်သူများ မငြိမ်းချမ်းဘဲ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသလို အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြသည်။

“စစ်ပွဲများကို ပေါ်ပေါက်စေခဲ့သည့် လူသားများ၏ စိတ်နှလုံးသားများထဲမှာပင် စစ်ပွဲများကို ဟန့်တားနိုင်ေ သာ ချစ်ခြင်းမေတ္တာနှင့် ကိုယ်ချင်းစာတရားများကို ပြုစုပျိုးထောင်သွားကြရမည်” ဟု ကမ္ဘာ့ငြိမ်းချမ်းရေးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သော အာရှကိုယ်စားပြု ပထမဆုံး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဦးသန့်၏ အဆို အမိန့်ကို သမ္မတက သ၀ဏ်လွှာတွင် ကိုးကားဂုဏ်ပြုခဲ့သည်။

နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့ အခမ်းအနားကို မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်ထူ ထောင်ရေးလုပ်ငန်း ဗဟို ဌာန (MPC) တွင် ကျင်းပရာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့မှ ခေါင်းဆောင် များနှင့် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ ရန်ကုန် တိုင်းအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ ကြသည်။

No comments:

Post a Comment