ကေဇူး
တစ်ရာကျပ်တန် ရိုးရိုးတွဲလက်မှတ်များကို နှစ်ရာ ကျပ်တိုးမြှင့်ရန် အစီအစဉ်ရှိသည် ဟု မြန်မာ့မီးရထား သွားလာ ပို့ဆောင်ရေးမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးဇော်ဖေစိန်က သတင်းမီဒီယာများကို စက်တင်ဘာ ၁၂ ရက်က ပြောကြားလိုက်သည်။
“နေ့စဉ် ရထားပြင်ဆင်တာနဲ့ အခြားစက်ပျက်စီးတွေ ပြင်ဆင်တာ ထားအုံး။ ဆီးဘိုးတောင်မရဘူး။ ဆီဘိုးနှစ်ဆရမှ အရင်းကျေမယ်။ ဒါကြောင့် ရိုးရိုးတွဲလက်မှတ်တွေကို တိုးကောက်ဖို့ စီစဉ်တာဖြစ်တယ်” ဟု ဦးဇော်ဖေစိန်က ဆိုသည်။
လက်ရှိတွင် မြို့ပတ်မီးရထားလုပ်ငန်း၌ နေ့စဉ် သိန်း ၈၀ ကျော် အစိုးရက စိုက်ထုတ်နေရပြီး နေ့စဉ် အရှုံးပေါ်နေသည်ဟုလည်း ၎င်းက ပြောသည်။
ရိုးရိုးတွဲများတွင် ဈေးသွားဈေးလာနှင့် အခြေခံလူတန်းစားများသာ အသုံးပြုလျှက်ရှိပြီး နေ့စဉ် စီးနင်းသူဦးရေ နှစ်သောင်းငါးထောင်ကျော် ရှိသည်။
မြို့ပတ်ရထားသည် တစ်ရက်လျှင် အကြိမ် နှစ်ရာကျော် ပြေးဆွဲလျှက်ရှိရာ ရထားလက်မှတ်စစ်ဆေးရန် ဝန်ထမ်း လေးဆယ်ကျော်သာ ရှိသဖြင့် လက်မှတ်စိစစ်မှု ခက်ခဲသည်ဟုလည်း ဦးဇော်ဖေစိန် က ဆိုသည်။
လက်ရှိတွင် ရိုးရိုးတွဲအတွက် မြို့တစ်ပတ်စာ ၁၀၀ ကျပ် ကောက်ခံနေပြီး အထူးတွဲကို နှစ်ရာကျပ်နှင့် သုံးရာကျပ် ကောက်ခံထားကာ ပြေးဆွဲလျှက်ရှိသည်။
ယင်းကို ရန်ကုန်ဘူတာကြီးမှ ရန်ကုန်ဘူတာကြီးအထိ ပတ်စီးသည့် ခရီးသည်များကို ၂၀၀ ကျပ် ကောက်ခံမည်ဖြစ်ပြီး ကြားဘူတာများအထိ စီးသူများကိုမူ ယခင်အတိုင်း ၁၀၀ ကျပ်သာ ကောက်ခံမည်ဟု ဆိုသည်။
၂၀၁၃ လက်ရှိတွင် မြန်မာ့မီးရထား လုပ်ငန်းကို အဆင့်မြှင့်တင်ရန် ကြိုးပမ်းလျှက်ရှိပြီး ဘူတာကြီးနှင့် အခြားဘူတာများကိုလည်း အဆင့်မြှင့်တင်နိုင်ရန် ကြိုးပမ်းနေသည်။
No comments:
Post a Comment