Sunday, September 14, 2014

စက်မှုဇုန်အလုပ်သမားများကို စာသင်ပေးရန် အလှူရှင်များလိုအပ်နေ

မင်းမင်း

စက်မှုဇုန်များရှိ အလုပ်သမားများမှ အခြေခံပညာသင်ယူလိုသူများကို အလုပ်နားချိန်တွင် စာသင်ပေးရန် စီစဉ်နေပြီး လက်ရှိတွင် အလှူရှင်များ လိုအပ်နေသည်ဟု အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဝင်းရှိန်က မဇ္ဈိမကို ပြောသည်။

“အဓိကတော့ donar(အလှူရှင်)ပေါ့ကွာ။ donar ရမှ ဖြစ်မှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရဌာနက လုပ်တာမဟုတ်ဘူးလေ။ တို့က ပူးပေါင်းဆောင်ရွက်တဲ့ သဘောပေါ့”ဟု ၎င်းက ပြောသည်။

ဆက်လက်ပညာသင်ယူလိုသည့် ၁၈နှစ်အောက်လုပ်သားများကို အခြေခံပညာအထက်တန်းထိ သင်ကြားပေးရန် စီစဉ်နေခြင်းဖြစ်ပြီး ပြင်ပဆရာများနှင့် သင်ကြားပေးမည် ဖြစ်သောကြောင့် ငွေကြေးအလှူရှင် လိုအပ်နေခြင်း ဖြစ်သည်။

ကနဦးအနေဖြင့် လှိုင်သာယာစက်မှုဇုန်မှ စတင်အကောင်အထည်ဖော်မည်ဖြစ်ပြီး ပညာရေးဝန်ကြီးဌာနနှင့် ချိတ်ဆက်ပြီး စာသင်ကျောင်းများ ရှာဖွေရဦးမည်ဖြစ်သည်။

“ILO(အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့)ရော၊ အလုပ်ရှင်အဖွဲ့အစည်းတွေရော အားလုံး ဆောင်ရွက်ဖို့လိုတယ်” ဟု ဦးဝင်းရှိန်က မှတ်ချက်ပြုသည်။

လက်ရှိတွင် INGO အဖွဲ့အစည်းများနှင့် ဆွေးနွေးနေပြီဖြစ်ပြီး အသေးစိတ် ဆက်လက်ဆွေးနွေးရဦးမည်ဟုလည်း သူကရှင်းပြသည်။ ထို့ပြင် သင်ယူလိုသည့် အလုပ်သမားများ၏ စာရင်းကိုလည်း ဆက်လက်ကောက်ယူမည်ဖြစ်သည်။

သို့သော် အခြေခံပညာသင်ကြားပေးရန် စီစဉ်နေခြင်းထက် အလုပ်ခွင်နှင့် ဆက်စပ်သည့် သင်တန်းများပို့ချရန် အလုပ်သမားများအတွက် အဓိကလိုအပ်နေသည်ဟု လှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ပြောသည်။

“စာသင်ပေးမယ်ဆိုတော့ ကောင်းတော့ကောင်းတာပေါ့။ ဒါပေမယ့် ကျွမ်းကျင်တဲ့လုပ်သားတွေဖြစ်ဖို့ လုပ်ငန်းခွင်နဲ့ဆိုင်တဲ့ သင်တန်းတွေပေးဖို့ လိုအပ်တာ” ဟု ဦးမြတ်သင်းအောင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အလုပ်သမားများ၏ အနည်းဆုံးလုပ်ခလစာနှုန်းထား မည်မျှရှိရမည်ကို သတ်မှတ်နိုင်ခြင်းမရှိသေးပေ။

No comments: