Monday, September 15, 2014

ရာဇာမင်း ယာဉ်မောင်းအား အလုပ်နှင့် ထောင်ဒဏ် ၁၄ နှစ်ချ

ထွန်းကိုကို

ရန်ကုန် - နေပြည်တော် အမြန်လမ်း မိုင်တိုင် ၁၉၇ အနီး နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မေလ ၁၂ ရက်က ယာဉ်တိမ်းမှောက်မှုဖြစ်ပွားကာ ၁၄ ဦးသေဆုံးခဲ့ရသည့် "ရာဇာမင်း" ခရီးသည်တင်ယာဉ် ယာဉ်မောင်း မင်းခန့်(ခ)ထွန်းမင်းစိုးကို စက်တင်ဘာလ ၉ ရက်က နေပြည်တော်၊ ပျဉ်းမနားမြို့၊ လယ်ဝေးမြို့နယ်တရားရုံးမှ ပြစ်မှုပုဒ်မသုံးခုဖြင့် ထောင်ဒဏ် ၁၄ နှစ်ချမှတ်ခဲ့သည်ဟု မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ အွန်လိုင်းစာမျက်နှာတွင် ရေးသားထားသည်။

ယာဉ်မောင်းအား ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားသောနေ့တွင် လိုင်စင်မရှိဘဲ မောင်းနှင်ကြောင်း ပလွေးအမြန်လမ်းရဲစခန်းမှ စစ်ဆေးတွေ့ရှိ၍ မော်တော်ယာဉ် ဥပဒေပုဒ်မ ၂၁/၆၄ ဖြင့် တရားစွဲကာ ဇွန်လ ၁၃ ရက်က အလုပ်နှင့် ထောင်ဒဏ် ၃ လချမှတ်ခဲ့ပြီး ယာဉ်တိမ်းမှောက်မှုနှင့် ပတ်သက်၍ ဆက်လက် စစ်ဆေးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် စက်တင်ဘာလ ၉ရက်တွင် ပလွေးအမြန်လမ်းရဲစခန်းမှ (ပ)၁၂/၂၀၁၄ ပြစ်မှုပုဒ်မ ၃၀၄-က/၃၃၈/၃၃၇/၂၇၉ ဖြင့် ယာဉ်မောင်းအား လယ်ဝေးမြို့နယ်တရားရုံးမှ ပုဒ်မ ၃၀၄-က အရ အလုပ်နှင့်ထောင်ဒဏ် (၇) နှစ်၊ ပုဒ်မ ၃၃၈ အရ အလုပ်နှင့် ထောင်ဒဏ် (၅) နှစ်၊ ပုဒ်မ ၃၃၇ အရ အလုပ်နှင့် ထောင်ဒဏ် (၂) နှစ် စုစုပေါင်းထောင်ဒဏ် ၁၄နှစ်ထပ်မံချခဲ့သည်။

ရာဇာမင်းအမြန်ယာဉ်သည် မေလ ၁၂ ရက် ည ၆ နာရီ ၄၅ မိနစ် အချိန်က နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာပြီး မိုင်တိုင်အမှတ် ၁၉၇ တွင် ဝက်လက်မီးရထား ခုံးကျော်တံတားထိပ်ကို ဝင်တိုက်မိကာ တံတားအောက်သို့ ထိုးကျတိမ်းမှောက်ခဲ့ပြီး ယာဉ်ပေါ်ပါ ခရီးသည် ၄၆ ဦးအနက် ၁၄ ဦး သေဆုံးကာ ၂၉ ဦး ဒဏ်ရာ ရရှိခဲ့သည်။

No comments:

Post a Comment