Tuesday, September 23, 2014

မြန်မာကိုတိုက်ခိုက်မည်ဟု ခြိမ်းခြောက်မှုကြောင့် ရန်ကုန်တွင် လုံခြုံရေးတင်းကြပ်ထားဟုဆို

မင်းမင်း

အိုစမာဘင်လာဒင် စတင်တည်ထောင်ခဲ့သည့် အစ္စလာမ်မစ်အစွန်းရောက် အယ်လ်ခိုင်ဒါအဖွဲ့က မြန်မာနိုင်ငံကို တိုက်ခိုက်မည်ဟု ယခုလဆန်းပိုင်းက ခြိမ်းခြောက်လိုက်ပြီးနောက် ရန်ကုန်တိုင်းအတွင်း လုံခြုံရေးတင်းကြပ်ထားသည်ဟု တိုင်း နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီးက စက်တင်ဘာ ၂၂ရက်က မီဒီယာများကို ပြောသည်။

“လုံခြုံရေးကတော့ ယခင်ထက်တော့ ပိုပြီးတော့ တင်းတင်းကြပ်ကြပ်တွေ တို့ဆောင်ရွက်နေတယ်။ လှည့်ကင်း၊ ပတ်ကင်းတွေနဲ့ လုပ်နေတယ်။ ဝင်ပေါက်တွေလည်း အသေးစိတ်စစ်ဆေးနေတယ်။ အခုလို သတင်းရရင်တော့ ပုံမှန်ထက်ပိုလုပ်ရတာပေါ့” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

ခြိမ်းခြောက်မှုစတင်ခဲ့သည့် ၅၅မိနစ်ကြာ ဗီဒီယိုဖိုင်တွင် အယ်လ်ခိုင်ဒါခေါင်းဆောင် အေမန်အယ်လ်ဇ၀ါဟရီက မြန်မာနိုင်ငံအပါအဝင် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံများတွင် တိုက်ခိုက်မှုများ ပြုလုပ်သွားမည်ဟု စက်တင်ဘာ ၃ရက်က ပြောဆိုထားမှုအပေါ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

အဆိုပါခြိမ်းခြောက်မှုကို မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များကလည်း ကန့်ကွက်ထားသေးသည်။

ထို့ပြင် ပြည်သူများအနေဖြင့်လည်း မသင်္ကာဖွယ် တစ်စုံတစ်ခုတွေ့ရှိပါက သက်ဆိုင်ရာကို ချက်ချင်းအကြောင်း ကြားရန်လည်း ၎င်းက တိုက်တွန်းလိုက်သေးသည်။

အယ်လ်ခိုင်ဒါအဖွဲ့သည် ဆွန်နီစစ်သွေးကြွများဖြစ်ပြီး ၎င်းတို့အဓိက အသုံးပြုသည့် တိုက်ခိုက်နည်းများမှာ အသေခံ ဗုံးခွဲခြင်းပြုလုပ်လေ့ရှိသည်။ အယ်လ်ခိုင်ဒါအဖွဲ့၏ နာမည်ကြီး တိုက်ခိုက်မှုများမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်က အမေရိကန်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးဗဟိုဌာန (WTC) ကို လေယာဉ်ပြန်ပေးဆွဲကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၈ခုနှစ်က အမေရိကန် သံရုံးဗုံးခွဲခြင်းနှင့် ၂၀၀၂ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ကို ဗုံးဖောက်ခွဲမှုတို့ဖြစ်သည်။

အယ်လ်ခိုင်ဒါ အကြမ်းဖက်လာပါကလည်း တားဆီးတုံ့ပြန်နိုင်သည့် လုံခြုံရေးအင်အား အပြည့်အဝရှိသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲဦးစီးအရာရှိချုပ် ရဲမှူးချုပ် ဝင်းခေါင်က စက်တင်ဘာ ၁၇ ရက်တွင် ပြောဆိုထားသည်။

No comments:

Post a Comment