Mizzima
အစိုးရမီဒီယာသမားများကိုလည်း ပုဂ္ဂလိကမီဒီယာသမားများက အထင်မသေးဘဲ တွဲခေါ်ရန်နှင့် လက်ရှိ မြန်မာ့မီဒီယာလောက၏ စိန်ခေါ်ချက် လေးရပ်ကို ပြန်ကြားရေးဝန်ကြီးက ထောက်ပြ ပြောဆိုလိုက်သည်။
စက်တင်ဘာ ၁၈ရက်မှစ၍ ရန်ကုန်မြို့တွင် နှစ်ရက်ကြာ တတိယအကြိမ်မြောက် ကျင်းပသည့် မြန်မာ့မီဒီယာဖွံ့ဖြိုးမှုကွန်ဖရင့်တွင် ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ပြည်တွင်းပြည်ပမှ မီဒီယာဆိုင်ရာ ပရိသတ်ရာနှင့်ချီ တက်ရောက်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် ပြောလိုက်ခြင်းဖြစ်သည်။
"အစိုးရမီဒီယာသမားတွေ ကိုယ်တိုင်ကလည်း အစိုးရဝန်ထမ်းလို့ပဲ ခံယူထားကြတယ်။ သတင်းရေးဆိုရင် ဝန်ကြီးမိန့်ခွန်းကိုပဲ ရေးကြတယ်" ဟု ဦးရဲထွဋ်က ပြောသည်။
"ကျန်မီဒီယာသမားတွေကလည်း အစိုးရမီဒီယာသမားဆို အထင်သေးကြတယ်။ လုပ်ဖော်ကိုင်ဖက်တွေ အနေနဲ့ တွဲခေါ်သင့်တယ်"
သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ကုန်ခဲ့သည် သုံးနှစ်အတွင်းတွင် အစိုးရမီဒီယာသမားများကိုလည်း သင်တန်းများ ပေးခဲ့ပြီး ဖြစ်သည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောသည်။
မျက်မှောက်မြန်မာ့မီဒီယာလောကသည် စိန်ခေါ်မှုလေးရပ်နှင့် တွေ့နေရသည်ဟုလည်း ပြန်ကြားရေးဝန်ကြီးက စကားဝိုင်း ဆွေးနွေးပွဲတွင် ပြောခဲ့သည်။
သတင်းထောက်များနှင့် တိုက်ရိုက်ပတ်သက်သည့် လူသားအရင်း အမြစ်ဖွံ့ဖြိုးရေး လုပ်ငန်းများတွင် အယ်ဒီတာချုပ်နှင့် ပိုင်ရှင်များက အာရုံနည်းနေခြင်း၊ သတင်းမီဒီယာများက ကျင့်ဝတ်ထက် ဈေးကွက်ဖိအားကို အာရုံစိုက်နေခြင်း၊ မီဒီယာပိုင်ရှင်များက အယ်ဒီတာလွတ်လပ်ခွင့်အပေါ် ဖိအားပေးနေခြင်းနှင့် အစိုးရနှင့် ပုဂ္ဂလိက လုပ်ငန်းများထံမှ သတင်းစီးဆင်းမှုနှင့် သတင်းရယူနိုင်မှု အားနည်းနေခြင်းများသည် အဓိက စိန်ခေါ်မှုများ ဖြစ်သည်ဟု ၀န်ကြီးက ရှင်းလင်းခဲ့သည်။
မဇ္ဈိမသတင်းစာ၏ မေးမြန်းမှုအပေါ် ပုဂ္ဂလိကသတင်းစာများသည် အစိုးရသတင်းစာများထက် အယ်ဒီတာလွတ်လပ်ခွင့် ပိုရှိသည်ကို ၀န်ကြီးက လက်ခံခဲ့သော်လည်း ယင်းသတင်းစာများ၏ အယ်ဒီတာချုပ်နှင့် ပိုင်ရှင်များ မှားယွင်းမှုများ ရှိခဲ့သော် မည်သူက တာဝန်ခံရေးသားမည်နည်းဟု အယ်ဒီတာလွတ်လပ်ခွင့်နှင့် ပတ်သက်၍ ၀န်ကြီးက မေးခွန်းပြန်ထုတ်ခဲ့သည်။
သတင်းမီဒီယာလောက၏ လူသားအရင်းအမြစ် ပံ့ပိုးမှုများတွင် သတင်းသမားများအား ပြည်တွင်းပြည်ပသင်တန်းများ စေလွှတ်မှုကို ပုဂ္ဂလိက မီဒီယာများက လုပ်ဆောင်နေကြောင်း မဇ္ဈိမသတင်းစာက ထောက်ပြ ဆွေးနွေးခဲ့သည်ကို ဝန်ကြီးလက်ခံခဲ့သော်လည်း အငယ်တန်းသတင်းထောက်များကို စေလွှတ်ခြင်း သက်သက်နှင့် မလုံလောက်ဘဲ အယ်ဒီတာချုပ် အပါအ၀င် သတင်းခန်း တာဝန်ရှိသူများကိုလည်း စေလွှတ်ရမည်ဖြစ်ကြောင်း ၀န်ကြီးက ဆွေးနွေးခဲ့သည်။
ကျင့်ဝတ်နှင့် သတင်းထောက်အရည်အသွေးပိုင်းဆိုင်ရာနှင့် ပတ်သက်၍လည်း သမ္မတဦးသိန်းစိန်ပင် မီဒီယာများကြောင့် စိတ်ဒုက္ခရောက်ခဲ့ရသည်ဟု ဦးရဲထွဋ်က ထုတ်ဖော်ပြောဆိုသည်။
"သမ္မတနဲ့ ပြည်တွင်းမီဒီယာတွေ ပထမအကြိမ် တွေ့ဆုံပွဲမှာ သမ္မတက သူ့မျက်မှန်သုတ်တာကို မေးခွန်းတွေ ပြင်းထန်လို့ သမ္မတ မျက်ရည်ကျရတယ်လို့ ဖေ့စ်ဘုတ်မှာ ရေးကြတယ်" ဟု ၀န်ကြီးက ပြောသည်။
"ကျွန်တော့်လည်း အမေရိကန်မှာ နိုင်ငံရေး ခိုလှုံတယ်ဆိုလည်း သတင်းခေါင်းကြီးနဲ့ ရေးပြီး၊ အောက်တစ်ကြောင်းမှာမှ စာလုံး သေးသေးနဲ့ မဟုတ်ဟုဆို ဆိုပြီး လုပ်တယ်" ဟု ၎င်းက အပြုံးတစ်ဝက်ဖြင့် ပြောသည်။
"ဒီလိုကျင့်ဝတ်နဲ့ မလျော်ညီတဲ့ အရေးအသားတွေ ရှိနေတော့ သတင်းထုတ်ပြန်ရမယ့် ၀န်ထမ်းတွေကို မင်းတို့ မီဒီယာတွေနဲ့ ဆက်ဆံပါလို့ ပြောပေမယ့် ကြောက်နေကြတာပေါ့"
ဘန်ကောက်အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသည့် သည်နေရှင်း သတင်းစာမှ ပင်တိုင်ဆောင်းပါးရှင် ကဗီ ချောင်ကစ်တာဗွန်းကလည်း အစိုးရအရာရှိများအနေနဲ့ သတင်းမှတ်ချက်များ မပေးလျှင် သတင်းထောက်များက ရသည့်သတင်းအချက်ဖြင့် သတင်းများ ရေးသားမည်ဖြစ်သည့်အတွက် အစိုးရနှင့် သတင်းမီဒီယာများအကြား ယုံကြည်မှု တည်ဆောက်ရန် တိုက်တွန်းခဲ့သည်။
"မဟုတ်ရင် ၀န်ကြီးရဲ့ ဖေ့စ်ဘုတ်ကိုပဲ ကိုးကားပြီး သတင်းတွေ ရေးနေလိမ့်မယ်။ ၀န်ကြီးလိုပဲ ပြောဆို တုံ့ပြန်နိုင်မယ့်လူတွေ ရှာရမယ်" ဟု ကဗီက ၀န်ကြီး ဦးရဲထွဋ်ကို ရည်ညွှန်းပြီး ပြောသည်။
စက်တင်ဘာ ၁၈ မနက်ပိုင်းက ကျင်းပခဲ့သည့် မီဒီယာဖွံ့ဖြိုးမှု ကွန်ဖရင့်၏ ပထမဆုံး စကားဝိုင်း ဆွေးနွေးပွဲတွင် ၀န်ကြီးဦးရဲထွဋ်၊ မြန်မာဂျာနယ်လစ်ကွန်ရက် အထွေထွေအတွင်းရေးမှူး ဦးမြင့်ကျော်၊ မဇ္ဈိမမီဒီယာဂရုပ် အယ်ဒီတာချုပ် ဦးစိုးမြင့်၊ မြန်မာအိုင်စီတီ ဖွံ့ဖြိုးရေးအဖွဲ့၏ အမှုဆောင်ဒါရိုက်တာ ဦးနေဘုန်းလတ်နှင့် ထိုင်းအခြေစိုက် နေရှင်းသတင်းစာ ပင်တိုင်ဆောင်းပါးရှင် ကဗီတို့ ပါဝင် ဆွေးနွေးခဲ့ပြီး၊ ဆွီဒင်အခြေစိုက် ဖိုဂျိုသိပ္ပံမှ အစီအစဉ်မန်နေဂျာ အန်နက်တာက စကားဝိုင်းဆွေးနွေးပွဲကို တင်ဆက်ခဲ့သည်။
မီဒီယာဖွံ့ဖြိုးမှုကွန်ဖရင့်ကို စက်တင်ဘာ ၁၉ တွင် ရန်ကုန်မြို့၊ ချက်ထရီယမ်ဟိုတယ်၌ ဆက်လက် ကျင်းပမည်ဖြစ်ပြီး မီဒီယာလောကတွင် ရှင်သန်နိုင်မည့် စီးပွားရေးပုံစံ၊ မီဒီယာ၊ ငြိမ်းချမ်းရေး တည်ဆောက်မှုနှင့် လူမှုအဖွဲ့အစည်း၊ မီဒီယာလွတ်လပ်ခွင့်နှင့် ခြိမ်းခြောက်နေသော ဥပဒေများ စသည့် စကားဝိုင်း ဆွေးနွေးပွဲများကို ဆက်လက် ဆွေးနွေးရန်ရှိသည်။
No comments:
Post a Comment