Tuesday, September 16, 2014

ပြည် အကျဉ်းထောင်တွင် ကျန်းမာရေးထိခိုက်သည်အထိ ခိုင်းစေနေသည် ဆိုခြင်းမဟုတ်ဟု ငြင်းဆို

ရေခဲ (ပြည်)

ပဲခူးတိုင်း ပြည်ခရိုင် ပြည်မြို့အကျဉ်းထောင်အတွင်း ပဲကြီးခွံနွှာခိုင်းခြင်းကြောင့် အောက်ပိုင်းချိနဲ့ ဝေဒနာနှင့် ဝဲရောဂါများ ခံစားနေရသည်ဟု ပြစ်ဒဏ်ကျခံနေရသူအချို့၏ ပြောဆိုမှုများ မဟုတ်မှန်ဟု ထောင်အာဏာပိုင်တို့က မဇ္ဈိမနှင့် တွေ့ဆုံစဉ် ပြောသည်။

“အကျဉ်းသားတွေရဲ့စိတ်ကို ထိန်းတဲ့သဘောနဲ့ အလုပ်ပေးထားတာ။ လုံခြုံရေးအရလည်းပါတယ်။ အကျဉ်း ဦးစီးဌာန ရည်မှန်းချက်ထဲမှာလည်း အသက်မွေးဝမ်းကျောင်း ပညာသင်ကြားပေးရေး ဆိုတာပါတယ်။ ထောင်ကထွက်တဲ့အချိန် ဝင်ငွေရနိုင်တဲ့ အလုပ်ကလေးရှိသွားမယ်” ဟု အမည်ထုတ်ဖော်မပြောလိုသော အကျဉ်းထောင် အရာရှိတစ်ဦးက ဆိုသည်။

“အောက်ပိုင်းချိလွန်းအားကြီးတဲ့ ဝက်ထီးကန်က တစ်ယောက်ကတော့ အာမခံယူသွားပြီ။ အသက် နှစ်ဆယ်ကျော် နှစ်ယောက်ကတော့ ကျန်သေးတယ်။ ဝဲယားနာဖြစ်နေတာလည်း လူတိုင်းလိုပါပဲ” ဟု စီတန်းလှည့် လည်ခွင့်ဥပဒေပုဒ်မ(၁၈) ဖြင့် ထောင်ကျနေသူ ကိုဝင်းလှိုင် က ပြောသည်။

အလားတူ ပုဒ်မဖြင့်ပင် ထပ်မံတရားရင်ဆိုင်ရန် ပြည်တရားရုံးသို့ ရောက်ရှိနေစဉ်အတွင်း ၎င်းကပြောခြင်း ဖြစ်သည်။ “ခါတိုင်း ပဲအိတ်နှစ်အိတ်လောက်ပဲ အခွံနွှာရတယ်။ မိုးတွင်းပိုင်း အနားပေးတယ်။ အခုပဲအိတ် ဆယ်အိတ်ကျော် လုပ်ရတယ်။ တစ်ရက်မှ အနားမပေးဘူး။ ဥပုသ်နေ့တောင် အနားမပေးဘူး” ဟု မူးယစ် ဆေးဝါးမှုဖြင့် တရားရင်ဆိုင်နေရသူ တစ်ဦးကလည်း ဆိုသည်။

အသက်အရွယ်ကြီးသူ တစ်ဦးလျှင်တစ်နေ့ နှစ်ပြည်၊ လူလတ်ပိုင်းတစ်ဦးလျှင် တစ်နေ့ရှစ်ပြည်ပဲကြီးခွံနွှာ ပေးရသည်ဟု ၎င်းတို့ကဆိုသည်။ အကျဉ်းထောင် တာဝန်ရှိသူတို့ကမူ ယင်းဝင်ငွေဖြင့် နံနက်စာထမင်း ကြော်ကြွေးခြင်း၊ အသားဟင်းနှင့် အခြားသော အဟာရပြည့်အစားအစာများ စီမံကျွေးမွေးခြင်းတို့ ပြုလုပ်ပေးသည်ဟု ပြောသည်။

ထို့ပြင် အချို့သော အကျဉ်းကျနေသူများ စွပ်စွဲသကဲ့သို့ ထောင်ထဲတွင် ချိနဲ့သူနှင့် ဝဲရောဂါ ဖြစ်ပွားနေခြင်းမရှိ ဟု ထောင်အာဏာပိုင်တို့က ဆိုသည်။ “မူလကတည်းမှာ ခါးရိုးမှာ ကျီးပေါင်းတက်တဲ့ ရောဂါရှိတဲ့ လူတစ်ယောက်ကိုတော့ ထောင်ထဲမှာ ဆေးကုပေးလိုက်တာ သက်သာသွားပြီ” ဟု အကျဉ်းထောင်တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြည်အကျဉ်းထောင်တွင် ထောင်ဆရာဝန်ကြီးတစ်ဦး၊ ဆေးမှူးတစ်ဦး၊ သူနာပြုတစ်ဦးတို့က ဆေးဝါးအပြည့်အစုံဖြင့် ကျန်းမာရေးစောင့်ရှောက်မှု အပြည့်ပေးနေသည်ဟု ထောင်အာဏာပိုင်တို့က ဆိုသည်။

No comments:

Post a Comment