ကေဇူး
ပုဂ္ဂလိက ကုမ္ပဏီတစ်ခုဖြစ်သည့် Royal Summit အမည်ရှိ ကုမ္ပဏီက အခြေခံလူတန်းစားများအတွက် ဖြစ်နိုင်ခြေရှိသော အိမ်ယာစီမံကိန်းများကို အကောင်အထည်ဖော်သွားမည်ဟု စက်တင်ဘာ ၁၃ ရက် ရန်ကုန်မြို့ စထရန်းဟိုတယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
တန်ဖိုးနည်းအိမ်ယာ စီမံကိန်းအတွက် တစ်လလျှင် ကျပ်သုံးသောင်းကျပ်နှုန်းဖြင့် နှစ်သုံးဆယ် ငွေပေးသွင်းရမည်ဖြစ်ပြီး ယင်းစီမံကိန်းအကောင်အထည်ဖော်ရန် မြေနေရာကို သတ်မှတ်ထားနိုင်ခြင်း မရှိသေးဟုဆိုသည်။
“ပြည်သူလိုအပ်ချက် တင်ပြလာတဲ့အခါ အခန်းအရေ အတွက်ကို တွက်ပြီး အစိုးရကို တင်ပြမယ်။ အစိုးရက ခွင့်ပြုရင် စတင်ပြီး ငွေကြေးကောက်ခံမယ်၊ အဲဒီအခါမှ ဘယ်မှာဆောက်မယ်ဆိုတာ ပြောနိုင်မယ်”ဟု Royal Summit မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦးကပြောသည်။
ယင်းကုမ္ပဏီသည် ဆောက်လုပ်ရေး လုပ်ငန်း လိုင်စင်မရှိသလို ယခင်ကလည်း လုပ်ကိုင်ဖူးခြင်းမရှိသေးပေ။ လက်ရှိတွင် ကုမ္ပဏီ၏ ရုံးခန်းလိပ်စာ အတည်အကျ ပေးထားခြင်းမရှိဘဲ သတင်းဌာနများက ၀ယ်ယူလိုသူ ပြည်သူများ အဆိုတင်သော လျှောက်လွှာများကို သိမ်းထားပေးရန် အကူအညီတောင်းလျှက်ရှိသည်။
“ပြည်သူတင်တဲ့ လျှောက်လွှာတွေကို သတင်းဌာနတွေက သိမ်းထားပေးရဖို့ဆိုတာ သတင်းစာတိုက်က သူတို့ရုံးမှမဟုတ်တာ၊ သူတို့က ငွေတွေလိမ်ပြီး ပြေးပါပြီတဲ့ ဘယ်သူရှင်းပေးမလဲ” ဟု ယင်းသတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သော အယ်ဒီတာ တစ်ဦးကပြောသည်။
Royal Summit မန်နေဂျင်း ဒါရိုက်တာ ဦးသန်းဦး၏ အဆိုအရ အဆိုပါ စီမံကိန်းကို ပြည်နယ် နှင့် တိုင်းဒေသကြီး ၁၄ ခုတွင် တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်ရန် စီစဉ်ထားသည် ဟုဆိုသည်။ သို့သော် စီမံကိန်းအတွက် မည်မျှ ရင်းနှီးမြှပ်နှံမည့် မည်သည့်ကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်မည် စသည့် အချက်အလက်များကိုမူ မီဒီယာများက မေးမြန်းသော်လည်း ဖြေကြားရန် ငြင်းဆန်ခဲ့သည်။
ရန်ကုန်နှင့် မြို့ကြီးများတွင် တန်ဖိုးသင့်အိမ်ယာစီမံကိန်းများ အကောင်အထည်ဖော်နိုင်ရန် မြေဈေးသည် အဓိက အရေးကြီးသော အချက်ဖြစ်သည် ဟု ပြည်တွင်းဆောင်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ဒါရိုက်တာ ဒေါ်မြင့်မြင့်မူက “ဘယ်မှာဆောက်မှာလဲ၊ ဘယ်လို အမျိုးအစားလဲဆိုတာကိုတော့ ပြည်သူက အရင်ဆုံးသိသင့်တယ်”ဟု မဇ္ဈိမကိုပြောသည်။
အစိုးရ အနေဖြင့် တန်ဖိုးနည်းအိမ်ယာ စီမံကိန်းအကောင်အထည်ဖော်ရန် ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ဧရာဝဏ်နှင့် ရတနာ တန်ဖိုးသင့် အိမ်ယာစီမံကိန်းများကို အကော်အထည်ဖော်ရန် မြေနေရာ သတ်မှတ်ထားသော်လည်း လက်ရှိ အခြေအနေထိ အကောင်အထည်ဖော်နိုင်ခြင်းမရှိသေးပေ။
No comments:
Post a Comment