ဇာဏီထွဏ်း
ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် လူမှုစီးပွားရေးများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေးစီမံကိန်း လုပ်ဆောင်ရန် ကမ္ဘာ့ဘဏ်ထံမှ ဒေါ်လာသန်း ၁၀၀ ချေးယူမည်ဖြစ်သည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးစိန်ထွန်းက ပြောကြားသည်။
အဆိုပါစီမံကိန်းအတွက် ချေးငွေအဆိုပြု ခြင်းကို ကမ္ဘာ့ဘဏ်သို့ ၂၀၁၃ ခုနှစ်အတွင်းက တင်သွင်းခဲ့ပြီး ချေးငွေရရှိရန် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည့် မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံကိန်း ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာစီမံခန့်ခွဲမှု မူဘောင်မူကြမ်းကို ရေးဆွဲပြီး ၂၀၁၄ မေလမှ စတင်ကာ လူထု ကို အသိပေး အကြံဉဏ်များ ရယူလျက်ရှိသည်။
အဆိုပါမူကြမ်းကို ပြည်သူ့လွှတ်တော်၏ ခွင့်ပြုချက်နှင့် ကမ္ဘာ့ဘဏ်အဖွဲ့၏ ခွင့်ပြုချက်ရရှိပါက ဒီဇင်ဘာလတွင် ချေးငွေရရှိနိုင်ပြီး ၂၀၁၅ ဇန်နဝါရီလတွင် စီမံကိန်း စတင်နိုင်မည်ဟု မျှော်လင့်ကြောင်း ဦးစိန်ထွန်းက ဆိုသည်။
“ငွေချေးဖို့အတွက်တော့ Local Agency အဖြစ် ဆောင်ရွက်တဲ့ ပို့ဆောင်ရေးဌာနက ရနိုင်တဲ့ဝင်ငွေတွေကို ပြရတယ်။ အဲဒီမှာ တွံတေးတူးမြောင်းကို သင်္ဘောဖြတ်သန်းခတွေရယ်၊ တာချီလိတ်က ဝမ်ပုံဆိပ်ကမ်းက ရတဲ့ဝင်ငွေတွေ ပြရတယ်။ အကြွေးကတော့ နိုင်ငံတော်က ဆပ်ရမှာ” ဟု ၎င်းက ဆိုသည်။
ယင်းစီမံကိန်းတွင် ရေအရင်းအမြစ် စီမံခန့်ခွဲမှုအဖွဲ့အစည်းများ၊ ဆုံးဖြတ်ချက် အထောက်အကူပြုစနစ်များ နှင့် စွမ်းဆောင်ရည်တည်ဆောက်ခြင်း၊ မိုးလေဝသနှင့် ဇလဗေဒစောင့်ကြည့်အကဲခတ်မှုနှင့် သတင်း အချက်အလက်စနစ်များ ခေတ်မီအောင် ပြုပြင်ခြင်း၊ ဧရာဝတီမြစ်အတွင်း ရေကြောင်းသွားလာမှု မြှင့်တင် ခြင်းများ ပါဝင်သည်။
ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံသည် အကြွေးပြန်လည်ဆပ်နိုင်သည့်အနေအထားရှိရာ သတ်မှတ်ထားသော အချက်များနှင့် ကိုက်ညီပါက ငွေထုတ်ချေးမည်ဖြစ်သည်။ ချေးငွေကို စီမံကိန်းစတင်ပြီး ခြောက်နှစ်အကြာ တွင် အတိုးနှုန်း ၀ ဒသမ ၇၅ ရာခိုင်နှုန်းဖြင့် နှစ် ၃၀ အတွင်း အရစ်ကျဆပ်ရမည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ် ၏ မြန်မာနိုင်ငံဆိုင်ရာ မန်နေဂျာ Mr. Abdoulaye Seck က ပြောသည်။
“ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ငွေချေးဖို့အတွက် ရမှတ်ကောင်းတွေရှိတယ်။ ဒီစီမံကိန်းက ရေကြောင်းတိုးတက်ဖို့ လုပ်မယ်။ အစိုးရအနေနဲ့လည်း ဥပဒေအားကောင်းရင် ရင်းနှီးမြှုပ်နှံမှုလည်း အားကောင်းပြီး အကျိုးကျေးဇူးတွေရမှာပါ” ဟု ၎င်းကဆက်လက် ပြောသည်။
ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲရေး စီမံကိန်းသည် ဘက်စုံစီမံခန့်ခွဲမှု၊ ရာသီဥတု ပြောင်းလဲခြင်းအကျိုးဆက်ကို ခံနိုင်ရည်ရှိသော စီမံခန့်ခွဲမှု၊ ဧရာဝတီမြစ်ဝှမ်းနှင့် နိုင်ငံ၏ ရေအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ ဧရာဝတီမြစ်ဝှမ်း ဘက်စုံစီမံခန့်ခွဲမှုဆောင်ရွက်ရန် လိုအပ်သောအဖွဲ့အစည်းနှင့် အထောက်အကူပြုကိရိယာများ ဖွံ့ဖြိုးတိုးတက်မှု၊ ရေကြောင်းသွားလာမှု၊ မိုး/ဇလဆိုင်ရာ အသိပေးဂရုပြုစေမှုနှင့် အကြံပြုချက်များကို တိုးတက်စေခြင်းဖြင့် နှီးနွှယ်ရာ အသက်မွေးဝမ်းကျောင်းမှုများတွင် ကောင်းကျိုးများ သက်ရောက်မှုများရှိရန် ရည်ရွယ်သည်။
No comments:
Post a Comment