Sunday, September 21, 2014

မာစတာစပေါ့ စက်ရုံအတွင်း အလုပ်သားညွှန်မှူးကို ဓားစာခံလုပ်ခဲ့ခြင်းမှာ မဟုတ်ဟု အလုပ်သမားများရှင်း

ခင်မြတ်မြတ်ဝေ

မာစတာစပေါ့ ဖိနပ်စက်ရုံအလုပ်သမားများက အလုပ်သမားဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းရှိန်ကို စက်ရုံအတွင်းမှ အပြင်မထွက်ခိုက်ဘဲ ဓားစာခံလုပ်ခြင်းမှ လုံးဝမဟုတ်ဟု အလုပ်သမားများဘက်က စက်တင်ဘာ ၁၈ရက်က အဆိုပါ စက်ရုံဝန်းရှေ့တွင် သတင်းစာရှင်းလင်းပွဲလုပ်ကာ ပြောကြားခဲ့သည်။

"သူ့ကို ကျွန်မတို့ ချုပ်နှောင်းမထားပါဘူး။ စက်ရုံထဲကို ကျွန်မတို့က ဆွဲသွင်းခဲ့တာ မဟုတ်ပါဘူး။ စက်ရုံထဲကိုလည်း အဘကိုယ်တိုင်ရှင်းပြပါရစေဆိုပြီး ဦးဆောင်ဝင်ခဲ့တာပါ။ အထဲရောက်တော့ ပြန်မလွှတ်ပေးဘူးဆိုတာက သူ့ဆီက တိကျတဲ့ အဖြေလေးပေးခဲ့ပါ။ လူသားချင်းကိုယ်ချင်စာတဲ့ အနေနဲ့ အားဆေးတစ်ခွက် အနေနဲ့ တိုက်မပေးနိုင်ခဲ့ပါဘူး" ဟု အလုပ်သမား မစန်းသီတာက ပြောသည်။

လှိုင်သာယာမြို့နယ်ရှိ မာစတာစပေါ့ ဖိနပ်စက်ရုံမှ အလုပ်သမားများအတွက် အလုပ်ပိတ်နစ်နာကြေးကို စက်တင်ဘာ ၁၆ ရက်တွင် ရှင်းပေးရန် ခုံသမာဓိက ဆုံးဖြတ်ခဲ့ခြင်းကြောင့် အလုပ်သမား ၂၀၀ ခန့်က ထိုနေ့တွင် စက်ရုံအတွင်း စောင့်ဆိုင်းခဲ့ရာမှ ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် စက်ရုံအတွင်း မြို့နယ်ရဲများနှင့် ရုန်းရင်းဆန်ခတ်ဖြစ်ကာ ရဲ ၉ ဦးဒဏ်ရာရရှိခဲ့သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အလုပ်သမားညွှန်ကြားရေးမှူး ဦးဝင်းရှိန်နှင့် အတူရန် ကုန်တိုင်း အလုပ်ရုံနှင့် အလုပ်သမား အငြင်းပွားမှု စီစစ်ရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်ကျော်ထွန်းတို့ ညနေ ၄ နာရီခန့်တွင် ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ည ၁၀ နာရီ ကျော်သည်အထိ အလုပ်သမားများက ဦးဝင်းရှိန်အား စက်ရုံထဲမှ မထွက်ရန် ပြောထားပြီး ၁၀ နာရီ ၄၅ မိနစ်အရောက်တွင် ရဲများရောက်လာကာ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီး ရဲဝန်ထမ်း ၉ ဦး ဒဏ်ရာရခဲ့သည်ဟုလည်း အလုပ်သမားဝန်ကြီးဌာနနှင့် ရဲအရာရှိများက ဆိုထားသည်။

အလုပ်သမား မခင်မျိုးကြူကမူ "အဲဒီ အချိန်မှာ အလုပ်သမားခေါင်းဆောင်က တံခါးကို ပိတ်ပိတ်လို့ လှမ်းအော်လိုက်တော့ ရဲကလည်ပင်းကို ညှစ်ထားပါတယ်။ တွန်းချခံခဲ့ရတယ်။ ဦးဝင်းရှိန်က ဘာမှမပြောခဲ့ဘူး။ သူသာ အပြင်ထွက်ချင်တယ်ဆိုရင်လည်း ညီမတို့ လုပ်သားတွေကို ကိုယ်ထိလက်ရောက်မလုပ်သင့်ဘူး" ဟု ပြောသည်။

အလုပ်သမားတစ်ဦးဖြစ်သူ မသန်းသန်းဝေကလည်း "အဲဒီ အချိန်ရဲတွေက တပ်ရင်း (၉) လို့အော်တယ်ပြီးတော့ ဒုတ်ကို ဝေ့ပြီးသိမ်းကျုံး ရိုက်ခဲ့တယ်။ မီးပိတ်လိုက်ပြီး အလုပ်သမားတွေကို အကုန်ရိုက်ခဲ့တယ်။" ဟု ဆိုသည်။

စက်ရုံအတွင်း ရုန်းရင်ဆန်ခက်ဖြစ်ကာ အလုပ်သား မစုမွန်၊ မမျိုးမျိုးကြည်၊ မသန်းသန်းဝေ၊ မမေဇင်အောင်တို့ လေးဦးမှာ မျက်နှာ၊ ခေါင်း၊ပေါင်၊ ရိုက်ခံရသောကြောင့် လှိုင်သာယာဆေးရုံသို့ ညတွင်းချင်းပို့ပေးခဲ့ရသည်ဟု ရှေ့နေ့ဦးဌေးက မဇ္ဈိမကို ပြောသည်။ အလုပ်သမား အယောက်၂၀ ဒဏ်ရာ အနည်းငယ်ရရှိခဲ့သည်ဟု အလုပ်သမားများကဆိုသည်။

လှိုင်သာယာ မြို့နယ် ရဲတပ်ဖွဲ့မှုး ရဲမှုး ဦးသန်းမြင့်ဦးက "အဲဒီညက တရားဝင်ဆေးရုံ ပြရတာ ၆ ယောက်ပဲရှိတယ်။ သာမန်ဒဏ်ရာ ကျန်တဲ့ဒဏ်ရာ ရမရမသိဘူး။ ကျွန်တော်တို့လုပ်တဲ့ ရည်ရွယ်ချက်က ဦးဝင်းရှိန်အပြင်ရောက်ဖို့ ကယ်ထုတ်ဖို့ပဲ။ ဒုတ်တွေ ဒိုင်းတွေပါတယ်ဆိုတာ မှန်တယ်။ လိုအပ်ရင်သုံးသင့်တဲ့ အခြေအနေရ သုံးရတာပေါ့" ဟု မဇ္ဈိမကို ပြောသည်။

ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ခြင်းနှင့် ပတ်သက်၍ ပြည်ထဲရေးရုံး၊ ဒုတိယကွပ်ကဲရေးမှုး ရဲမှူးကြီးချစ်ဦးက ပထမအဆင့် ညှိနှိုင်းမှုလုပ်ခြင်း၊ ဒုတိယအဆင့် သတိပေးခြင်း လုပ်ပြီးမှသ နောက်ဆုံးအဆင့် လူစုခွဲထိန်းသိမ်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးဇော်အေးမောင်ကလည်း တာဝန်အရ ထမ်းဆောင်သည့် ဝန်ထမ်းတစ်ဦးကို ဓားစာခံလုပ်ခြင်းဟာ အပြစ်ကြီးလေးကြောင်း သုံးသပ်ထားသေးသည်။

No comments: