Monday, September 15, 2014

ပြည်တွင်းရွှေ့ပြောင်းဒုက္ခသည်များ နေရပ်ရင်းပြန်နေရန် တောင်းဆိုထား

ဖြိုးဝေအောင်

ကယားပြည်နယ်အတွင်းရှိ ရွှေ့ပြောင်းဒုက္ခသည်များတချို့ နေရပ်ရင်းရွာဟောင်းသို့ ပြန်လည်နေထိုင် အခြေချလုပ်ကိုင်စားသောက်နိုင်ရေးအတွက် ကယားပြည်နယ် ဒေသကွပ်ကဲရေးစစ်ဌါနချုပ်(ဒကစ)သို့ သြဂုတ်လ ၂၉ ရက်နေ့တွင် တင်ပြတောင်းဆိုထားကြသည်ဟု သိရသည်။

ဒီးမော့ဆိုမြို့နယ် စံပြ (၆)မိုင်ကျေးရွာအုပ်စုတွင် စုစည်းပြောင်းရွေ့နေနေထိုင်လာကြသည့် ဒေသခံများက နေရပ်ဟောင်း သို့ ပြန်နေထိုင်ခွင့်ကို တောင်းဆိုထားကြခြင်းဖြစ်သည်။ ၎င်းတို့၏ရွာဟောင်းမှာ လွိုင်ကော်မြို့နယ်ရှိ ဒေါဆိုရှေ့ရွာဖြစ်ကြပြီး ၁၉၈၇ ခုနှစ်တွင် ပြည်တွင်း မငြိမ်မသက်ဖြစ်ကာ အတင်းအဓမ္မရွေ့ ပြောင်းစေခိုင်းခဲ့ရခြင်းဖြစ်သည်။

ထို့ပြင် တချိန်တည်းပြောင်းရွေ့ခံခဲ့ရသည့် နွားလ၀ိုးကျေးရွာအုပ်စုတွင် နေထိုင်နေသော ထီးသူးကူးကျေးရွာနှင့် ပျားကနဲကျေးရွာတို့လည်း နေရပ်ဟောင်းသို့ပြန်လည်နေထိုင်ခွင့် တောင်းဆိုထားကြသည်ဟု သိရသည်။

ယခုလိုပြန်လည်တောင်းဆိုရခြင်းသည် အသက်မွေးဝမ်းကြောင်းအတွက် ကိုယ်ပိုင်လုပ်ကိုင်စိုက်ပျိုးရန် မြေယာများလိုအပ်နေခြင်းကြောင့်ဖြစ်သည်ဟု ဒေါဆိုရှေ့ကျေးရွာမှ ကွာစပါးလယ်က ပြီးခဲ့သည့် စက်တင်ဘာလ ၆ ရက်နေ့တွင် ကန္တာရဝတီတိုင်း(မ်)သို့ပြောသွားသည်။

“ရွာဟောင်းပြန်နေချင်တယ်ဆိုတာက အခု အခြားရွာတွေမှာ နေထိုင်ရတာကတော့ စားဝတ်နေရေးအခက်အခဲ ကြောင့်ပေါ့နော်။ ကျနော်တို့ အခုအခြားရွာမှာ လိုက်ကပ်နေခါကျတော့ ကျနော်တို့ လုပ်စားစရာလယ်ယာမြေမရှိဘူး၊ အဓိကအကြောင်းရင်းအချက်ပါပဲ” ဟု ပြောသည်။

လွိုင်ကော်မြို့နယ်အတွင်းတွင် ရွှေ့ပြောင်စုစည်းနေထိုင်လာကြသည့်သူများကို နွားလဝိုးကျေးရွာအုပ်စုတွင် လည်းကောင်း ကြခူကျေးရွာတွင်လည်းကောင်း၊ လွိုင်လင်လေးကျေးရွာအုပ်စု ဒေါတနောတွင်လည်းကောင်း ဒီးမောဆိုမြို့နယ်တွင် စံပြ ၆ မိုင်ကျေးရွာအုပ်စုတွင်လည်းကောင်း နေရာအသီးသီးသို့ တကွဲတပြားစီ နေရာချထားပေးခဲ့ကြသည်။

ပြောင်းရွေ့ခဲ့စဉ်အချိန်တွင် ဒကစမှူးမှ အများပြည်သူရှေ့မှောက်တွင် “ခင်ဗျားတို့ ရွာမှာ ခဏခဏ ပေါက်ကွဲသံတွေ စစ်တွေဖြစ်နေတယ်။ ဒါကြောင့် နင်တို့ ဒီစံပြ(၆)မိုင် အမျိုးတွေဆီမှာ ခဏနေပြီး ပေါက်ကွဲသံတွေ စစ်တွေပြီးတဲ့ အခါကျရင် နင်တို့နေရာမှာ ပြန်နေနိုင်ပါတယ်” ဟု ပြောဆိုသွားခဲ့ခြင်းကြောင့်

ယခုလို အပစ်အခတ် ရပ်စဲထားသည့်ကာလတွင် ပြန်လည်တောင်းဆိုရခြင်းဖြစ်ကြောင်း ဒကစ(လွိုင်ကော်) သို့တောင်းဆိုထားသည့် စာများတွင် ဖော်ပြထားရှိသည်။

ထို့သို့ တင်ပြတောင်းဆိုထားသည့် စာကို မိတ္တူအဖြစ်လည်း သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်လွှတ်တော်၊ လက်နက်ကိုင်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများ၊ ဘာသာရေးအဖွဲ့အစည်းများ၊ အစိုးရဌာနဆိုင်ရာများကို ပေးပို့ထားသည်ဟုလည်း သိရသည်။

သက်ဆိုင်ရာဌါနအသီးသီးကို တင်ပြတောင်းဆိုခြင်းအပေါ်တွင် ယခုကိစ္စရပ်များအတွက် စုံစမ်းနေဆဲဖြစ်ကြောင်း အစိုးရဌါနဆိုင်ရာမှ တုန့်ပြန်ထားသည်ဟု သိရသည်။

ဒေါဆိုရှေ့ရွာဟောင်း မြေသည် ဧက (၅၀၀၀)ခန့်ရှိပြီး မကြာသေးခင်တွင် တပ်ရင်း(၃၆၀)အမြောက်တပ်မှ တပ်မြေအဖြစ် အချို့သိမ်းယူထားခဲ့ကြောင်းလည်း သိရပါသည်။

No comments:

Post a Comment