Monday, September 15, 2014

ပျောက်ဆုံးတောင်တက်သမားနှစ်ဦးကို ရှာဖွေရေး မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ် နည်းပညာအကူအညီပေးမည်

ခင်မြတ်မြတ်ဝေ

ခါကာဘိုရာဇီတောင်တက်ရင်း ပျောက်ဆုံးနေသည့် တောင်တက်သမားနှစ်ဦးကို ကယ်တင်ရန် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ နည်းပညာပိုင်းပံ့ပိုးရန် ဥက္ကဋ္ဌအပါအဝင် သုံးဦး ကချင်ပြည်နယ် ပူတာအိုမြို့သို့ စက်တင်ဘာ ၁၄ ရက်တွင် ထွက်ခွာမည်ဟု အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာပိုင်စိုးက စက်တင်ဘာ ၁၃ ရက်က ရန်ကုန်မြို့ လမ်းမတော်မြို့နယ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

"ပူတာအိုကနေ တောင်တက်သမားတွေကို နည်းပညာပိုင်းကို အကြံညဏ်ပေးမှာပါ။ ရှာရတဲ့ နေရာမှာအတော်လေး အခက်ခဲရှိတယ်။ ရှာတဲ့သူတွေ အထောက်အကူများရအောင်ပါ" ဟု ဒေါက်တာပိုင်စိုးက ပြောသည်။

စက်တင်ဘာ ၁၄ ရက်တွင် မြန်မာနိုင်ငံခြေလျင်နှင့် တောင်တက်အဖွဲ့ချုပ်မှ ဥက္ကဋ္ဌ ဒေါက်တာပိုင်စိုး အပါအဝင် ဒု-ဥက္ကဋ္ဌ ဦးကျင်ဦးနှင့် တွဲဖက်အတွင်းရေးမှူး ဦးကျော်မျိုးတို့မှာ ပျောက်ဆုံးနေသူ နှစ်ဦးကို ရှာဖွေရန် Air Bagan လေယာဉ်ဖြင့် ထွက်ခွာမည်ဖြစ်သည်။

တောင်တက်သမား နှစ်ဦးဖြစ်သည့် အောင်မြင့်မြတ်နှင့် ဝေယံမင်းသူတို့သည် သြဂုတ် ၃၁ ရက်က ညနေ ၅ နာရီကျော်က ခါကာဘိုရာဇီတောင်ထိပ်သို့ ရောက်ကာ မြန်မာနိုင်ငံအလံကို စိုက်ထူခဲ့သည့် နောက်ပိုင်းတွင် တောင်ခြေမှ ကျန်အဖွဲ့သားများနှင့် အဆက်အသွယ် ပြတ်တောက်ခဲ့ခြင်း ဖြစ်သည်။

ထိုနှစ်ဦးကို ရှာဖွေရန် စက်တင်ဘာလ ၁၂ ရက်တွင် တက္ကသိုလ် ခြေလျင်နှင့် တောင်တက်အသင်း (သဘာဝခေါ်သံ ဖောင်ဒေးရှင်း)နှင့် ထူးဖောင်ဒေးရှင်း၏ နာယက ဦးတေဇဦးဆောင်ကာ လွန်ခဲ့သည့် ၁၈ နှစ်က ခါကာဘိုရာဇီတောင်သို့ တက်ခဲ့ဖူးသည့် ထူးဖောင်ဒေးရှင်းမှ နမားဂျွန်စိန်(ခ)အမ်းဆေး၊ ကယ်ဆယ်ရေးအဖွဲ့များ၊ ဆရာဝန်တစ်ဦး အပါအဝင် ၁၅ဦးနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တို့က တပ်မတော်(လေ) ရဟတ်ယာဉ်တစ်စီးဖြင့် ကယ်ဆေးရေးလုပ်ငန်းများ စတင်နေပြီဖြစ်သော်လည်း ထူးခြားမှု မရှိသေးပေ။

စက်တင်ဘာ ၁၃ ရက်တွင် တရုတ်နိုင်ငံ Blue Sky အမည်ရှိ ပုဂ္ဂလိက ကယ်ဆယ်ရေးအဖွဲ့က ပျောက်ဆုံးနေသူနှစ်ဦးကို ကူညီရှာဖွေရန် ရောက်ရှိနေပြီဖြစ်သည်။

ထိုသူနှစ်ဦးအတွက် တက္ကသိုလ် ခြေလျင်တောင်တက်အသင်းမှ စက်တင်ဘာ ၁၃ ရက် ညနေကလည်း ရန်ကုန်မြို့ ရွှေတိဂုံစေတီတော် အောင်မြေတွင် ဆုတောင်းဝတ်ပြုပွဲ ပြုလုပ်ခဲ့သည်။

ခါကာဘိုရာဇီတောင်သည် မြန်မာနှင့် အိန္ဒိယ၊ တရုတ်နိုင်ငံတို့နှင့် ထိစပ်ရာ၊ မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ် နယ်နိမိတ်အတွင်းရှိ ဟိမဝန္တာ တောင်တန်းအရှေ့ဘက်တွင် တည်ရှိသည်။

၁၉၂၅ ခုနှစ်က ပြုလုပ်ခဲ့သော ပထဝီလေ့လာမှု စစ်တမ်းတစ်ရပ်အရ ခါကာဘိုရာဇီမှာ ၅,၈၈၁ မီတာ (၁၉,၂၉၆ ပေ) အမြင့်ရှိကြောင်း တိုင်းထွာနိုင်ခဲ့ပြီး အရှေ့တောင်အာရှ၏ အမြင့်ဆုံးတောင်အဖြစ် သတ်မှတ်ထားသည်။

No comments: