Tuesday, September 23, 2014

ကျေးရွာမြေအဖြစ် သတ်မှတ်ရန် သစ်တောဌာနမှစိုက်ထားသည့် ကျွန်းပင်များရှင်းခဲ့သူ အုပ်ချူပ်ရေးမှုအား ရဲစခန်းမှအမှုဖွင့်ထား

ဖြိုးဝေအောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် မိုးဗြဲကျေးရွာအုပ်စု သစ်ယာထင်းရှုးကုန်းကျေးရွာအနီးရှိ သစ်တောဌာနစိုက်ထားသည့် ကျွန်းပင်များရှိရာ မြေကွက်များကို ကျေးရွာအုပ်ချူပ်ရေးမှူးကရှင်းပြီး ကျေးရွာမြေအဖြစ်သတ်မှတ်ရန် ခြံကွက်များသတ်မှတ်ခဲ့ခြင်းကြောင့် မိုးဗြဲရဲစခန်းတွင် အမှုဖွင့်ခံထားရကြောင်း သိရပါသည်။

သစ်ယာထင်းရှုးကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစောထူးနိုင်ဆိုသူသည် (၅)ဧကခန့် ရှိသောမြေကွက်ကို သစ်တောပိုင်မှန်းမသိ၍ကျေးရွယ်ပိုင်အဖြစ်သတ်မှတ်ကာ အကွက်ရိုက်ခဲ့ရာမှ စက်တင်ဘာလ (၁၀)ရက်နေ့တွင် ဖယ်ခုံမြို့နယ်ရဲစခန်းတွင် အဖမ်းခံခဲ့ရခြင်းဖြစ်သည်။

အဆိုပါမြေသည် ကျေးရွာမှ ယခင်ရွာစတည်ကတည်းက ရွှေ့ပြောင်းတောင်ယာဖြင့် လုပ်ကိုင်လာခဲ့ကြပြီး ၂၀၀၅ ခုနှစ်တွင် သစ်တောမှ ကျွန်းပင်လာစိုက်ကာ သစ်တောပိုင်မြေဟု လာရောက်ကန့်ကွက်ခဲ့သည်။ ထို့နောက်၂၀၁၂ခုနှစ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ကယန်းဝန်ကြီးဦးလောရင်း ၊ လွတ်တော်မဲဆန္ဒအမတ် (၂) ဦးအာဗြာဟန်နှင့် အုပ်ချုပ်ရေးမှူး ဦးမောင်ဘိုတို့က ကိုယ်တိုင်ကွင်းဆင်းကာ ရွာနယ်နိမိတ်အဖြစ် နုတ်ဖြင့် ပြန်လည် သတ်မှတ်ပေးခဲ့သည်ဟု ၎င်းကျေးရွာမှ ရွာသူရွာသားများပြောပြချက်အရ သိရပါသည်။

ထို့ကြောင့် ရပ်မိရပ်ဖများက ညှိနှိုင်းတိုင်ပင်ဆွေးနွေးပြီး မြေကွက်များကို စက်တင်ဘာ(၅)ရက် တွင် ရွာအတွက် အကွက်ရိုက်ကာတစ်လက်မပတ်လည်ခန့် ကျွန်းပင်အချို့ကိုရှင်းပစ်ခဲ့ကြရာမှ တရားလိုဘယ်သူမှန်း မသိဦးစောထူးနိုင်ကိုပိုင်နက်ကျူးလွန်မှု (၆/၁)ဖြင့် ဖယ်ခုံမြို့သို့ စက်တင်ဘာ(၁၀)ရက်နေ့တွင် ဖမ်းခေါ်သွားကြောင်းရွာသားများက ဆိုပါသည်။

မိုးဗြဲကျေးရွာအုပ်စုရဲစခန်းမှူးသို့ ဖုန်းဖြင့်စက်တင်ဘာ(၁၈)တွင် ဆက်သွယ်မေးမြန်းရာမှာ စခန်းမှူးဇော်နိုင်ဦးက “ရွာသားကသစ်တောကိုတိုင်လို့ သစ်တောဦးစီးမှူးက တရားစွဲထားတယ်” ဟုဆိုပါသည်။

အဖမ်းခံနေရသောရွာအုပ်ချူပ်ရေးမှူးကို ပြန်လည်ထုတ်ပေးရန်အတွက် ကျေးရွာမှ ဒေသခံများက သက်ဆိုင်ရာကို အသနားခံစာတင်ထားခဲ့ပြီး ပြန်လည် ထုတ်ပေးခြင်းမရှိပါက ဆန္ဒထုတ်ဖော်သွားရန်လည်း စဉ်းစားထားကြောင်း အမည်မဖော်လိုသူ ရွာသားတစ်ဦးကဆိုပါသည်။

“အထက်တွေလည်း အသနားခံစာလုပ်ထားတယ်ပေါ့နော်။ တကယ်လို့ မထုတ်ပေးဘူးဆိုတော့ ကျနော်တို့တော့ နောက်ဆုံးတနည်းတော့ စဉ်းစားထားတာတော့ ဆန္ဒပြ ဖို့ပေါ့နော်။ ဆန္ဒပြဖို့ဆိုတော့လည်း ရွာသူရွာသားတွေအနေနဲ့စည်းစည်းလုံးလုံး တိုင်ပင်ကြည့်ရအုံးမှာ” ဟု ပြောသည်။

ယခု အကွက်ရိုက်လိုက်သည့် မြေသည် (၅) ဧကခန့်ရှိပြီး (၈)ပေပတ်လည် အကွက် (၃၃)ကွက်ကိုရိုက်ထား သည်ဟုသိရသည်။

ထိုကဲ့သို့ကျေးရွာအုပ်ချုပ်ရေးမှူးအဖမ်းခံရချိန်တွင် မိုးဗြဲရဲစခန်းမှူးနှင့် မိုးဗြဲအုပ်ချုပ်ရေးမှုးက သစ်ယာထင်းရူး (အပေါ်ရွာ)ကျေးရွာနှင့် ထင်းရူးကုန်း(အောက်ရွာ) ကျေးရွာနှစ်ရွာကို သစ်ယာထင်းရူးကုန်းကျေးရွာအမည်ဖြင့် ပေါင်းရန် စက်တင်ဘာ(၁၅)နှင့်(၁၆)ရက်တွင် အစည်းအဝေး ခေါ်ယူပြောဆိုခဲ့ကြောင်း သိရပါသည်။

သို့သော် သစ်ယာထင်းရူး (အပေါ်ရွာ)မှ မိမိတို့ အုပ်ချုပ်ရေးမှူး အဖမ်းခံနေရသည့်အချိန် ဖြစ်၍တစ်ရွာပေါင်းဖို့ လက်မှတ်ရေးထိုးခြင်းမရှိကြောင်း ဆိုပါသည်။

No comments:

Post a Comment