စောခါးစူးညား
ကရင်ပြည်နယ်၊ ဖားအံမြို့နယ် နှစ်ခြားကျေးရွာအုပ်စုရှိ အကူအညီလိုအပ်နေသော ပိန္နဲကုန်းရွာ မူလတန်း စာသင်ကျောင်းအတွက် စေတနာရှင် လူငယ်များ(ဖားအံ)အဖွဲ့မှ ကျပ် ၁၂ သိန်းကျော် တန်ဖိုးရှိသည့် ကျောင်းသုံးပစ္စည်းများကို စက်တင်ဘာ ၁၄ရက်နေ့က သွားရောက်လှူဒါန်းခဲ့သည်။
စေတနာရှင် လူငယ်များ(ဖားအံ) ဥက္ကဌ စောကျော်နိုင် ဦးဆောင်သည့် လူငယ် ၃၀ ခန့် လိုက်ပါသွားသော ၎င်းအဖွဲ့သည် ပိန္နဲကုန်းစာသင်ကျောင်းအတွက် စာရေးခုံ၊ စားပွဲ၊ ကျောက်သင်ပုန်းကြီး၊ ဗလာစာအုပ်၊ ဖောင်တိန်၊ ခဲတံ နှင့် အခြားစားစရာလှူဖွယ် ပစ္စည်းများ သွားရောက်လှူဒါန်းခဲ့သည်ဟု ကေအိုင်စီသို့ ယခုလို ပြောဆိုသည်။
စောကျော်နိုင်က “ဒီကျောင်းရဲ့ အခြေအနေကို သေချာလေ့လာတဲ့အခါ ခုံ၊ စားပွဲနဲ့ အခြားကျောင်းသုံးပစ္စည်း တွေ လုံလောက်မှု မရှိတာကို တွေ့လို့ ကျနော်တို့ လာလှူဒါန်းတာ ဖြစ်ပါတယ်။ အခုလို လာမလှူခင်အချိန်က ဆိုရင် ခုံ၊ စားပွဲတွေကို ဘုန်းကြီးကျောင်းနဲ့ ခရစ်ယာန်ဘုရားကျောင်းတွေမှာ ယာယီငှားရမ်းယူပြီး အသုံးပြု နေရတယ်”ဟု ပြောသည်။
လက်ရှိ ပိန္နဲကုန်း မူလတန်းကျောင်းတွင် ကျောင်းအုပ်ဆရာမ ဒေါ်စိန်ဖူးဝေ အပါအ၀င် ကျောင်းဆရာမ ၅ဦး နှင့် ကျောင်းသူကျောင်းသားပေါင်း ၉၀ ကျော်ရှိပြီး အစိုးရကျောင်းဖြစ်သော်လည်း ကျောင်းအတွက် လိုအပ် ချက်များကို ရွာသူရွာသားများ၏ အကူအညီဖြင့် ကိုယ်ထူကိုယ်ထ လုပ်ဆောင်နေကြသည်ဟု သိရသည်။
“ကျမ ဒီကျောင်းမှာ ကျောင်းအုပ်အဖြစ် အမှုထမ်းတာ နှစ်လပဲ ရှိပါသေးတယ်။ စရောက်တုန်းက ကျောင်းမှာ လိုအပ်ချက်တွေ အများကြီး တွေ့နေရတယ်။ အခု အကူအညီတကယ် လိုအပ်နေကျောင်းကို အလှူတွေ ရောက်လာတဲ့အတွက် ကျေးဇူးတယ်၊ ပြောမတတ်အောင် ၀မ်းသာပါတယ်”ဟု ဒေါ်စိန်ဖူးဝေက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လက်ရှိ ပိန္နဲကုန်းရွာနှင့် အနီးတ၀ိုက်သည် ရေရှားပါးသည့် ဒေသဖြစ်ပြီး နွေရာသီရောက်သည့်အခါ ရေမရှိသည့် ပြဿနာ ကြုံတွေ့နေရသောကြောင့် ရေတွင်းတစ်တွင်း ရရှိရန် အရေးပေါ် လိုအပ်နေသည်ဟု ဒေါ်စိန်ဖူးဝေးက ဆက်ပြောသည်။
ပိန္နဲကုန်းရွာမူလတန်းကျောင်းမှ ကျောင်းကော်မတီဝင် တစ်ဦးဖြစ်သူ စောလာပိုင်က “ဒီကျောင်းကို ကိုယ်ထူ ကိုယ်ထစနစ်နဲ့ ၂၀၀၀ ခုနှစ်တည်းက တည်ထောင်ခဲ့တာပါ။ တတ်နိုင်သလောက် လုပ်ခဲ့ကြပေမယ့် လိုအပ် ချက်တော့ အများကြီး ရှိသေးတယ်။ လတ်တလောမှာတော့ ရေတွင်းတစ်တွင်း ဖြည့်စွမ်းပေးနိုင်ဖို့ ကြိုးပမ်း နေပါတယ်။ ကလေးပညာရေးအတွက် ရှေးရှုပြီး အလှူရှင်ရှိရင် လာလှူစေချင်ပါတယ်”ဟု ပြောဆိုသည်။
တဆက်တည်းမှာပင် ကျောင်းဆရာမများ၊ ကျောင်း သူကျောင်းသားများနှင့် မိဘများ၊ ရပ်မိရပ်ဖများ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည့် ပိန္နဲကုန်းမူလတန်းကျောင်းအတွက် အလှူပေးအပ်ပွဲတွင် စေတနာရှင် လူငယ်များ(ဖားအံ)အဖွဲ့က ကျောင်းသူကျောင်းသားများအတွက် ဘောလုံးပစ် ကစားခြင်း၊ အကများဖြင့် ဖြေဖျော်ခြင်း၊ ပုံပြင် ပြောခြင်းများ ပြုလုပ်ပေးကာ ကျောင်းသူကျောင်းသားများဘက်မှလည်း သီချင်းများနှင့်အတူ အကများဖြင့် ပြန်လည်ဖျော်ဖြေခဲ့သည်။
စေတနာရှင်လူငယ်များ(ဖားအံ)ကို ၂၀၀၉ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိ အဖွဲ့ဝင် ၁၀၀ ကျော်ရှိသည်။ ၎င်းတို့အဖွဲ့သည် ကရင်ပြည်နယ်အတွင်း အကူအညီ လိုအပ်နေသည့် ဒေသများသို့ လှူဒါန်းမှုများပေးကာ ပိန္နဲကုန်း မူလတန်းကျောင်းအတွက် ကျောင်းသုံးပစ္စည်းများ လှူဒါန်းမှုသည် (၃၅)ကြိမ်မြောက် လှူဒါန်းမှုဖြစ်သည်။
လာမည့် (၃၆)ကြိမ်မြောက် လှူဒါန်းမှုအတွက် ဖားအံမြို့နယ်အတွင်းရှိ နောင်ပလိင်ကျေးရွာ မူလတန်း ကျောင်းကို အကူအညီပေးသွားရန် လျာထားသည်ဟု စေတနာရှင်လူငယ်များ(ဖားအံ)၏ ဥက္ကဌ စောကျော်နိုင်က ပြောဆိုသည်။

No comments:
Post a Comment